သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ဝန်ထမ်းသစ်များအတွက် “လုပ်ငန်းခွင်အထောက်အကူပြုသင်တန်း” ဖွင့်လှစ်ခြင်း

            သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီး ဌာနတွင် လစ်လပ်သည့် အမှုထမ်းရာထူးနေရာ(၁၈)နေရာတွင် ခန့်ထားသည့် အမှုထမ်းဝန်ထမ်းသစ် များအား နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်၊ ရုံးလုပ်ငန်း စီမံ ခန့်ခွဲမှုဆိုင်ရာများ၊ စာကြည့်တိုက်လုပ်ငန်းဆိုင်ရာများနှင့် သမိုင်းသုတေသနလုပ်ငန်းဆိုင်ရာများအား သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင်အထောက်အကူပြုသင်တန်းကို အမျိုးသားစာကြည့် တိုက်(နေပြည်တော်)နှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တို့၌ ယနေ့ (၃၁-၅-၂၀၂၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

            သင်တန်းစတင်ဖွင့်လှစ်သည့်နေ့တွင် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် က ဝန်ထမ်းသစ်များအား ဝန်ထမ်းတစ်ဦးအနေဖြင့် ထားရှိရမည့် ခံယူချက်၊ လိုက်နာရမည့်စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်တို့နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းပထမနေ့အဖြစ် နေပြည်တော်ရှိ ဝန်ထမ်းသစ်များအား ညွှန်ကြားရေးမှူး ဦးမြင့်စိုးအောင် က ဝန်ထမ်းများ စောင့်ထိန်းရမည့် ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ ဘာသာရပ်ကိုလည်းကောင်း၊ ရန်ကုန်ရှိ ဝန်ထမ်းသစ်များအား ဦးစီးအရာရှိ ဒေါ်စိုးသီတာ က ဝန်ထမ်းများ လိုက်နာရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများဆိုင်ရာဘာသာရပ်ကို လည်းကောင်း အသီးသီးပို့ချခဲ့ပါသည်။ ဝန်ထမ်းသစ်များအတွက် လုပ်ငန်းခွင်အထောက်အကူပြု သင်တန်းကို (၃၁-၅-၂၀၂၁) ရက်နေ့မှ (၁၁-၆-၂၀၂၁) ရက်နေ့ထိ (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။