သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဝန်ကြီးဌာနတွင်း ပထမအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးနှင့် ပန်းချီ၊ပန်းပုပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြော

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပထမအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးနှင့်ပန်းချီ၊ပန်းပုပြိုင်ပွဲကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၅) သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက် အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဦးအေးထွန်း၊ ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ နှင့် ဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ပါတီစုံဒီမို ကရေစီစနစ် ပထမငါးနှစ်သက်တမ်း အစိုးရလက်ထက်မှာ နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ်များ ၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းပေးခဲ့ပါကြောင်း၊ တိုင်းရင်းသား တို့၏ အဆို၊ အက၊အတီး များကိုပါ ထည့်သွင်း၍ ယှဉ်ပြိုင်စေသည်အထိ ဖြစ်လာခဲ့သည်ကို သိရှိရ ပါကြောင်း၊ ဒုတိယ ငါးနှစ်သက်တမ်း အစိုးရလက်ထက်တွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှာ တစ်ကြိမ်သာ ကျင်းပပြီး နောက်နှစ် များတွင် ဆက်လက်ကျင်းပခြင်းမရှိခဲ့ပါကြောင်း၊ ပြည်သူတို့မှာ မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးများနှင့် ကင်းဝေးခဲ့ပါကြောင်း၊ ရွှေတိဂုံစေတီပုံရိပ်ပေါ်မှာ နိုင်ငံခြားအက ကသည့်အထိ ဘာသာရေးနှင့် ယဉ်ကျေးမှုပျက်စီးခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူသည့် တိုတောင်းသောကာလအတွင်းမှာ အဆက်ပြတ် သွားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အတီးပြိုင်ပွဲများကို မိမိတို့ဝန်ကြီးဌာနက တတ်နိုင် သည့် အတိုင်းအတာအလျောက် ပြန်လည်ဖော်ထုတ်ပေးရန် ရည်ရွယ်ပါကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အတီး အပြင် ပန်းချီ၊ပန်းပုပညာရပ်များကိုပါ လူငယ်များ စိတ်ပါဝင်စား မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းတတ်လာစေရန်လည်း ရည်ရွယ်ပါကြောင်း၊ ထို့အပြင် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များနှင့် အနုပညာအထက်တန်းကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာစွမ်းရည်များ ပိုမိုတိုးတက် မြင့်မားလာစေရန်လည်း ရည်ရွယ်ပါကြောင်း၊ ဝန်ကြီးဌာနအတွင်း ပြိုင်ပွဲဖြစ်သည့်အတွက် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ရန်ကုန်၊ မန္တလေးနှင့်  အနုပညာအထက်တန်းကျောင်း ရန်ကုန်၊ မန္တလေးတို့မှ ကျောင်းသား၊ ကျောင်းသူများကိုသာ ယှဉ်ပြိုင်စေမည်ဖြစ်ပါကြောင်း၊ နောင်တွင် အလျဉ်းသင့်လျှင် ကျောင်းသား၊ကျောင်းသူများအပြင် အလွတ်တန်းအဆင့်ကိုပါ ထည့်သွင်းယှဉ်ပြိုင် သွားမည်ဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အတီး ပြိုင်ပွဲအတွက် စံတီးလုံးနှင့် စံတေးသီချင်းများမှာ နိုင်ငံတော်အဆင့် ကျင်းပသည့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၏ စံတီးလုံးများအတိုင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အကဲဖြတ်ဒိုင်များအဖြစ် ပြင်ပပညာရှင်များကို ခေါ်ယူသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အဆင့် အနေဖြင့် အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့်ဟူ၍ အဆင့်နှစ်ဆင့်ခွဲ၍ ယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာအဆင့်တွင် ကျား၊ မ ဟူ၍ နှစ်မျိုးခွဲခြားထားပြီး အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ ယှဉ်ပြိုင်ရမည်ဖြစ်ပါ ကြောင်း၊ ထို့အတူ အခြေခံပညာအဆင့်တွင်လည်း ကျား၊ မ ဟူ၍ နှစ်မျိုးခွဲခြားထားပြီး အနုပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ ယှဉ်ပြိုင်ရမည်ဖြစ်ပါကြောင်း၊ ဘာသာရပ် အနေဖြင့် အဆိုဘာသာရပ်၊ အကဘာသာရပ်၊ ရုပ်သေးဘာသာရပ်၊ အတီးဘာသာရပ်နှင့် ပန်းချီ၊ ပန်းပု ဘာသာရပ်တို့ဖြစ်ပါကြောင်း၊ အတီးဘာသာရပ်တွင် ဆိုင်းတစ်ဦးချင်းပြိုင်ပွဲကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပန်းချီဘာသာရပ်တွင် ရေဆေး၊ ဆီဆေး နှစ်မျိုးဖြင့် ရေးဆွဲယှဉ်ပြိုင်ရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲနှင့် ပတ်သက်ပြီး တက်ရောက်လာသော ဌာနအသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်း ပေးကြ ပါရန် ပြောကြားပါသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများနှင့် ပါမောက္ခချုပ် များက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ် သို့မဟုတ် ဒီဇင်ဘာလ ပထမပတ်တွင် ကျင်းပ ပြုလုပ်မည့်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်သွားမည် ဖြစ်ပါကြောင်း နှင့် စီမံချက်ပါအတိုင်း လိုအပ်သည်များ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး တင်ပြကြပါသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုပြိုင်ပွဲ သည် နိုင်ငံတော်အဆင့် မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအသေးစားလေးဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲကို ကမ္ဘာ့ကပ်ရောဂါ Coronavirous Disease 2019 (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေး တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ နေပြည်တော် တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။