အမျိုးသားစာကြည့်တိုက်(ရန်ကုန်) သို့ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ လေ့လာရေးခရီးလာရောက်

        အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဆရာတော် ဦးဆောင်၍ သံဃာတော်(၉)ပါးနှင့် တွဲဖက်ပါမောက္ခသီလရှင် (၂)ပါး၊ ဒုတိယဌာနမှူး(၂)ဦး၊ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်(၆)ဦး၊ စာကြည့်တိုက်ဌာနစုမှ ဝန်ထမ်း (၇)ဦး၊ စုစုပေါင်းရဟန်း/ သံဃာနှင့် သီလရှင်(၁၁)ပါး၊ စာကြည့်တိုက်ဝန်ထမ်း (၁၃)ဦးတို့သည် (၂၈-၅-၂၀၂၁)ရက်နေ့ (သောကြာနေ့) နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ လာရောက် လေ့လာခဲ့ကြပါသည်။     

        လေ့လာရေးလာရောက်ကြသူများအား အမျိုးသားစာကြည့်တိုက် (ရန်ကုန်)မှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကေသီအေးမှ ပထမထပ်ရှိ ညီလာခံခန်းမတွင် အမျိုးသား စာကြည့်တိုက်သမိုင်းကြောင်းနှင့် ပတ်သက်၍လည်းကောင်း၊ စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍လည်းကောင်း (Power Point) ဖြင့်ရှင်းလင်းပြသခဲ့ပါသည်။           ထို့နောက် အမျိုးသားစာကြည့်တိုက်၊ ပထမထပ်ရှိ Multimedia Room နှင့် Digital Library Room တို့အား လေ့လာကြည့်ရှုခဲ့ကြပြီး အမျိုးသားစာကြည့်တိုက်ပိုင် စုဆောင်းထားရှိ သည့် e-resources များနှင့် အများပြည်သူအသုံးပြုရန် ဆောင်ရွက်ထားရှိသည့် Digital Data Base များအား လက်တွေ့လေ့လာအသုံးပြုခဲ့ကြပါသည်။ ဆက်လက်၍ ဒုတိယထပ်ရှိအထွေထွေ စာဖတ်ခန်းနှင့် ရည်ညွှန်းစာဖတ်ခန်းနှင့်    ရှားပါးပေ၊ ပုရပိုက်များ စုဆောင်းထားရှိသည့် အခန်း၊ တတိယထပ်ရှိ ကလေးစာဖတ်ကြည့်တိုက်ဝန်ဆောင်မှုအခန်း၊ မသန်စွမ်းသူများအတွက် ဆောင်ရွက်ထားရှိသည့် ဝန်ဆောင်မှုအခန်း၊ အထူးစာဖတ်ခန်းများ၊ မြေညီထပ်ရှိ Mobile Shelve များ၊ စာအုပ်စင်ခန်းများ၊ Data Center Room နှင့် စာကြည့်တိုက်သို့ လာရောက်လေ့လာသူများ အသုံးပြုနိုင်ရန် Information Counter ၌ ထားရှိသည့် စာကြည့်တိုက်နှင့်သက်ဆိုင်သော အချက်အလက်များ ထည့်သွင်းထားသည့် Big Data Smart World တို့ကို လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြပြီး စာကြည့်တိုက်တာဝန်ခံများမှ လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။