ပျူရှေးဟောင်းမြို့များအား တူးဖော်သုတေသနပြုကြသည့်အခါ တူးဖော်ရရှိသည့် အဆောက်အအုံအမျိုးအစားများအား တူးဖော်ရရှိသည့် အဆောက်အအုံပန္နက်ပုံစံ၊ ယင်းနှင့် ယှဉ်တွဲ၍ မြေလွှာများအတွင်း တည်ရှိနေသည့် အခြားအထောက်အထားများနှင့် အဆောက် အအုံတည်ရှိနေသည့် တည်နေရာများအားလေ့လာပြီး မြို့ရိုးအရံအတား(fortification)၊ မြို့ဝင်ပေါက်(gateway)၊ ဘာသာရေးနှင့်ထုံးတမ်းဓလေ့(religious and ritual structure)၊ လူနေအိမ်(residential structure)နှင့် သင်္ချိုင်းကုန်း(burial site)စသည်ဖြင့် ခွဲခြားထား ပါသည်။
၎င်းတို့အနက်မှ ပျူခေတ်ဘာသာရေးအဆောက်အအုံများသည် ပျူမြို့ဟောင်းများအား တူးဖော်သည့်အခါတိုင်း မြို့ရိုးအတွင်း တွေ့ရှိရမှုအများဆုံးဖြစ်သည့် အဆောက်အအုံ ပန္နက်ဟု ဆိုရမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပျူခေတ် လူမှုအဖွဲ့အစည်း များသည် မြို့ရိုး၊ နန်းတော်နှင့် ဘာသာရေးအဆောက်အအုံများကို တည်ဆောက်ကြရာတွင် အုတ်အဆောက်အအုံများကိုသာ အသုံးပြုခဲ့ကြသောကြောင့် ဖြစ်ပါသည်။ သာမန်လူတန်း စားနှင့် နန်းတော်အဝန်းအဝိုင်းပြင်ပတွင်နေထိုင်သည့် လူများမှာ ၎င်းတို့နေထိုင်ကြရာ အဆောက်အအုံ များအား သစ်သား၊ ဝါးများဖြင့်သာ တည်ဆောက်ခဲ့ကြပါသည်။
ထို့ကြောင့် ရှေးဟောင်းကုန်းများ၏ အပေါ်ယံမျက်နှာပြင်များအား ပဏာမ ကွင်းဆင်း လေ့လာလျှင် အုတ်ခဲကျိုးများ ကုန်းအနှံ့အပြားတွင် တွေ့ရှိရပြီး အိုးခြမ်းကွဲအနည်းငယ် သို့မဟုတ် လုံးဝမတွေ့ရလျှင် သို့မဟုတ် ကုန်းမှာ အရမ်းမမြင့်ဘဲ အုတ်စအုတ်န အနည်းငယ်သာတွေ့ရှိရလျှင် ထိုကုန်းအတွင်းမှ အဆောက်အအုံသည် ဘာသာရေး အဆောက်အအုံအဖြစ် အသုံးပြုခဲ့သည်မှာ သေချာသလောက်ရှိပါသည်။ မြေမျက်နှာပြင် ပေါ်တွင် အိုးခြမ်းကွဲအမြောက်အမြားတွေ့ရလျှင် ၎င်းအဆောက်အအုံသည် သင်္ချိုင်းလည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် ဘာသာရေးနှင့်ပတ်သက်သည့် အခမ်းအနားများအတွက် အသုံး ပြုခဲ့သည့် အဆောက်အအုံလည်း ဖြစ်နိုင်ပါသည်။ ကုန်းမျက်နှာပြင်မှ အိုးခြမ်းကွဲများအား လိုက်လံကောက်ယူ၍ အမျိုးအစားခွဲကာ အိုးများ၏အပေါ်မှ ဒီဇိုင်းလက်ရာပုံစံဖွဲ့စည်းမှု၊ အရည်အသွေး စသည်တို့ကို ကြည့်ခြင်းအားဖြင့် တူးဖော်မှုကုန်းအတွင်းမှ အဆောက်အအုံ၏ အသုံးပြုခဲ့မှုအား စာအုပ်အထူကြီးအား ဖွင့်မဖတ်မီ မာတိကာလှန်ကြည့်ရုံဖြင့် စာအုပ် အတွင်း၌ မည်သည့်အကြောင်းအရာများ ရေးသားထားကြောင်း ပိုမိုတိကျစွာ အလွယ်တကူ သိရှိနိုင်မည် ဖြစ်ပါသည်။
ပျူခေတ်တွင် ဘာသာရေးအဆောက်အအုံများအား တစ်စုတစ်ဝေးတည်း ပြုလုပ်လေ့ ရှိပါသည်။ ဥပမာ- ဗိဿနိုးမြို့ဟောင်းတွင် မြောက်ဘက်၊ သရေခေတ္တရာမြို့ဟောင်းတွင် တောင်ဘက်၊ မိုင်းမောမြို့ဟောင်းတွင် အရှေ့ဘက်တွင် တည်ရှိနေကြပြီး ဟန်လင်း မြို့ဟောင်းတွင် မြို့အလယ်နှင့် အရှေ့ဘက်တွင် တည်ရှိနေကြပါသည်။ တည်ဆောက်မှု အနေနှင့် အကြမ်းဖျင်း (၄)မျိုးခန့် တွေ့ရှိရပါသည်။ ပထမတစ်မျိုးမှာ စေတီပုံစံအနိမ့်ဖြစ်ပြီး ယခင် မြေကြီးအတွင်းရှိနေသည့်အပိုင်းသာ တူးဖော်ရရှိသည်ဖြစ်၍ အပေါ်ပိုင်းအား မည်သို့ တည်ဆောက်ထားကြောင်း ရေရေရာရာ မသိရှိရတော့ပေ။ မြေကို အောက်ခံမာအောင် ထုချေဖိထောင်း၍ မြေဝင်ပန္နက်မရှိဘဲ မြေအမာပေါ်တွင်သာ တည်ဆောက်ထားကြောင်း ဗိဿနိုးမြို့ဟောင်းရှိ ကုန်းအမှတ်-၅၊ ၁၂၊ ၁၄၊ ၁၅ နှင့် ၁၈ တို့ကိုကြည့်ခြင်းအားဖြင့် သိရှိရပါသည်။ တည်ဆောက်မှုအနေဖြင့် အပိုင်းနှစ်ပိုင်းရှိပါသည်။ ပထမတစ်ပိုင်းမှာ အပြင်ဘက်မှ လေးထောင့်ပန္နက်ချလိုက်ခြင်းဖြစ်ပါသည်။ ထို့နောက် ထိုလေးထောင့်ပန္နက် အတွင်းတွင် စက်ဝိုင်းပုံပန္နက်အား အပြင်ဘက်လေးထောင့်ပန္နက်မြေ ရေပြင်ညီမှသာ ပြုလုပ် ပါသည်။ ထို့နောက် အပြင်မှ လေးထောင့်ပန္နက်နှင့် အတွင်းမှ စက်ဝိုင်းပန္နက်ကြားတွင် ဖို့မြေလွှာအကျစ်ကို ထည့်ပါသည်။ ထိုအထဲသို့ မြေများထည့်စဉ် အရိုးအိုးများအား တစ်ခါတည်း ထည့်သွင်းမြှုပ်နှံလေ့ရှိပါသည်။ ဗိဿနိုးမှ အဆောက်အအုံများမှာ အရှေ့ဘက်တွင် လှေကားတစ်စင်းထုတ်ပါသည်။ လှေကား၏အဆင့်များကို အုတ်များအား ထောင်လိုက်စီခြင်း ဖြင့် အတက်အဆင်းလွယ်ကူ၍ ရေရှည်ကြံ့ခိုင်အားကောင်းစေရန် တည်ဆောက်ကြပါသည်။
ပထမအမျိုးအစားအား ဟန်လင်းမြို့ဟောင်း ကုန်းအမှတ်-၁၃ တွင်လည်း တွေ့ရှိရ ပါသည်။ မိုင်းမောတွင် ထိုတည်ဆောက်ပုံအတိုင်း အခြေခံတည်ဆောက်မှု တူညီသော်လည်း လှေကားအား ဗိဿနိုးနှင့် ဟန်လင်းကဲ့သို့ တစ်ဖက်တည်းတွင်မဟုတ်တော့ဘဲ လှေကား နှစ်ဖက်ထုတ်လာကြကြောင်း တူးဖော်တွေ့ရှိရပါသည်။ မိုင်းမောတွင် လှေကားတစ်ဖက်သာ ထုတ်ပြီး တည်ဆောက်ထားသည့် ကုန်းအမှတ်-၇ (ဒေသအခေါ် လက်နက်တိုက်)နှင့် ကုန်းအမှတ်-၁၄ မှလွဲပြီး ကျန်သည့် ကုန်းအမှတ်-၉၊ ၁၅၊ ၁၆ နှင့် ၂၀ တို့မှာ လှေကား နှစ်ဖက်ပါရှိသည်ကို တွေ့ရှိရပါသည်။
ထူးခြားမှုမှာ သရေခေတ္တရာမှ ကုန်းအမှတ်-၅၁ တွင် လှေကားတစ်စုံတစ်ခုမျှ မတွေ့ရှိ ရပေ။ ထိုဘာသာရေးအဆောက်အအုံအမျိုးအစားတွင် သရေခေတ္တရာ၌ အခြေခံတည်ဆောက်မှု တူညီသော်လည်း အဆောက်အအုံလွန်စွာကြီးမားလာပြီး လှေကားလေးဖက် ထည့်သွင်း လာသည်ကို လေ့လာတွေ့ရှိရပါသည်။ ဥပမာ- မသီးကျကုန်းနှင့် ခင်ဘကုန်းသည် လှေကား လေးဖက်ထွက်သည့် ပျူခေတ်ဘာသာရေးအဆောက်အအုံ ပထမအမျိုးအစား ဖြစ်ပါသည်။ ဤပထမအမျိုးအစားများထဲမှ ပုံစံကွဲထွက်ကာ လွန်စွာကြီးမားသည့်ပုံစံမှာ ဗိဿနိုး မြို့ဟောင်း၏ ကုန်းအမှတ်-၃ အဆောက်အအုံကြီးပင် ဖြစ်ပါသည်။ ထိုအဆောက်အအုံမှာ အတွင်းနှင့်အပြင်နှစ်ဖက်စလုံးတွင် စက်ဝိုင်းပုံပန္နက်ကြီး ဖြစ်ပါသည်။ အတွင်းနှင့်အပြင် စက်ဝိုင်းအား လေးဖက်လေးတန် လေးထောင့်ပုံဒေါက်ကြီးများနှင့် ထောက်ပံ့ထားသကဲ့သို့ တည်ဆောက်ထားပြီး လေးဖက်စလုံးတွင်လည်း လှေကားလေးများ တည်ဆောက်ထား ပါသည်။
ပျူခေတ်ဘာသာရေးအဆောက်အအုံ ဒုတိယအမျိုးအစားအနေနှင့် ခန်းမပုံစံများ ဖြစ်ပါသည်။ အပြင်ဘက်တွင် ထောင့်မှန်စတုဂံပုံပန္နက်ကိုတည်ဆောက်ပြီး အတွင်းထိပ် ဘက်တွင် လေးထောင့်ပန္နက်အသေးလေးတစ်ခု ထည့်သွင်းတည်ဆောက်ထားပါသည်။ ပလ္လင်ခုံပုံပါ ပလ္လင်ခုံကိုလည်း အပြင်ပန္နက်ရေပြင်ညီအတိုင်း ပန္နက်ချထားကြောင်း တူးဖော်မှု အရ သိရှိရပါသည်။ နောက်မှ အပြင်ပန္နက်နှင့် အတွင်းထိပ်ဘက်မှ ပလ္လင်ခုံကြား ဖို့မြေ အကျစ်များ ထည့်ပါသည်။ ထိုသို့ မြေများထည့်သည့်အချိန်တွင် အရိုးအိုးများအား တစ်ခါတည်း ထည့်သွင်းမြှုပ်နှံသည်ကို တွေ့ရှိရပါသည်။
ဗိဿနိုးကုန်းအမှတ်-၁၉ နှင့် ၂၀ တွင် အရိုးအိုးပေါင်း (၅၀)ခန့် ထည့်သွင်းမြှုပ်နှံ ထားကြောင်း တွေ့ရှိရသည်။ မိုင်းမောတွင်လည်း ကုန်းအမှတ်-၁၇ သည် ဤပုံစံမျိုး ဖြစ်သည်။ ဟန်လင်းတွင် ကုန်းအမှတ်-၉ နှင့် ဆင်တူသော်လည်း ပလ္လင်ခုံမပါရှိပေ။ မီးလောင်ထားသည့် တိုင်ကျင်းရာများသာ တွေ့ရှိရပြီး ဗိဿနိုးကုန်းအမှတ် KKG-11 နှင့် ဆင်တူပါသည်။ ဟန်လင်းကုန်းအမှတ်-၂၂ သည်လည်း ထိုသဘောတရားပင် ဖြစ်ပါသည်။ သို့သော် ဟန်လင်း-၂၂ သည် ပိုပြီးထူးခြားသည့် မီဂါလက်သစ်ဓလေ့ (သင်္ချိုင်းအား ကျောက်တိုင်များအနေနှင့် မှတ်သားထားခြင်း)ကို ပျူခေတ်တွင် စနစ်တကျ ထိန်းသိမ်း ထားကြောင်း တွေ့ရှိရပါသည်။
ပျူခေတ် ဘာသာရေးအဆောက်အအုံများ၏ တတိယတစ်မျိုးမှာ ဘာသာရေးအပြင် ထေကြီးဝါကြီးများပါ သတင်းသုံးကြသည့် အဆောက်အအုံများပင် ဖြစ်ပါသည်။ ထိုအဆောက်အအုံများမှာ ဗိဿနိုးမြို့ဟောင်း၏ တူးဖော်မှုကုန်းအမှတ် KKG-2 အဆောက် အအုံပင် ဖြစ်ပါသည်။ ထိုအဆောက်အအုံတွင် ဆင်ဝင်တစ်ခုနှင့် ခန်းမတစ်ခုပါရှိပြီး ထိုခန်းမကိုဖြတ်၍ အခန်းအဖွဲ့(၈)ခုကို ရောက်ရှိမည်ဖြစ်ပါသည်။ ခန်းမ၏ တောင်ဘက် ထိပ်တွင် အုတ်ခုံတစ်ခုက အဆောက်အအုံခန်းမနံရံနှင့် တွဲစပ်တည်ဆောက်ထားသည့်အတွက် ထိုအုတ်ခုံသည် အဆောက်အအုံအပေါ်ထပ်သို့ တက်ရောက်သည့် လှေကားခုံဖြစ်သည်ဟု ယူဆရပြီး နှစ်ထပ်အဆောက်အအုံအား ပျူခေတ်တွင် တည်ဆောက်နေပြီဟု သုံးသပ်နိုင် ပါသည်။
အခန်းဖွဲ့နံရံများတွင်လည်း သစ်သားထိုး၍ အပေါ်ထပ်အတွက် ဆင့်တန်းထိုးရန် လေးထောင့်အပေါက်များတွေ့ရသည့်အတွက် ထိုအဆိုသည် မှန်သလောက်ရှိပါသည်။ ထိုအဆောက်အအုံကိုတက်ရောက်ရန် ဆင်ဝင်နေရာအားတူးဖော်စဉ် မြေလွှာအတွင်း ပြာမြေများတွေ့ရသည့်အတွက် သစ်သားလှေကားအသုံးပြု၍ မီးလောင်ပျက်စီးကြောင်းလည်း သိရှိရပါသည်။ ၂၀၁၁-ခုနှစ်၌ ရွှေရောင်တော်ဘုရားသွားသည့် လမ်းဘေးတွင် ကုန်းအမှတ်- BTO-38 အားတူးဖော်ခဲ့ရာ ကုန်းသဖွယ် KKG-2 အဆောက်အအုံပုံစံ အခန်းဖွဲ့များပါဝင်သော အဆောက်အအုံကို တွေ့ရှိခဲ့ရပါသည်။ သို့သော်လည်း KKG-2 အဆောက်အအုံအရွယ် အစားထက်သေးငယ်ကြောင်း တွေ့ရှိရပါသည်။ ထိုကဲ့သို့ တတိယအမျိုးအစားအား အခြား မြို့ဟောင်းများတွင် မတွေ့ရှိရသေးဘဲ ဗိဿနိုးမြို့တွင်သာ တွေ့ရှိရပါသည်။
ပျူခေတ် ဘာသာရေးအဆောက်အအုံများ၏ စတုတ္ထအမျိုးအစားမှာ အဆောက်အအုံ တစ်ခုနှင့်တစ်ခု ဆက်နွယ်နေပြီး အခန်းဖွဲ့များအပြင် ၎င်း၏အပြင်တွင်လည်း အုတ်ရိုးတန်း များသည် စင်္ကြံလမ်းကဲ့သို့ ဆက်နွယ်နေပါသည်။ ထိုအဆောက်အအုံမျိုးများသည် တူးဖော် သည့်အခါတွင် အင်မတန်ရှုပ်ထွေးကြောင်း တွေ့ရှိရပါသည်။ ထိုအဆောက်အအုံနှင့်အတူ ဘာသာရေးနှင့် ပတ်သက်သည့် အုတ်ခွက်ဘုရားကဲ့သို့ ပစ္စည်းများလည်း သရေခေတ္တရာတွင် တွေ့ရပါသည်။ ဥပမာ- ကုန်းအမှတ်-၃၅ နှင့် ၃၆ တို့သည် ထိုပုံစံမျိုးများပင် ဖြစ်ပါသည်။ သို့သော် ဗိဿနိုးနှင့် မိုင်းမောတွင် မတွေ့ရှိရသေးပါ။ ပျူခေတ်အလယ်ပိုင်းမှ ခေတ်စားလာပုံ ရပါသည်။ ဘုန်းကြီးကျောင်းအစုအဝေး (monastery complex)ပုံစံ ဖြစ်လာပါသည်။ ထို့ပြင် ပျူခေတ်စေတီကြီးများအား သရေခေတ္တရာမြို့ဟောင်းတွင်သာ တွေ့ရှိရပြီး မြန်မာနိုင်ငံရှိ အခြားသောပျူမြို့ဟောင်းများတွင်မူ တွေ့ရှိရခြင်းမရှိကြောင်း လေ့လာသိရှိရပါသည်။
ကျော်မျိုးဝင်း(ရှေးဟောင်းသုတေသန)