ဟန်လင်းပျူမြို့ဟောင်းမှ အသစ်တွေ့ရှိ ပျူခေတ်ဗိသုကာ ဒွါရပါလ(တံခါးစောင့်နတ်ရုပ်) ရုပ်တုတစ်ခုအား ဖော်ထုတ်ထိန်းသိမ်း

ဟန်လင်းပျူမြို့ဟောင်း

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရှေးဟောင်းမြို့၊ ရှေးဟောင်းအဆောက်အဦ နှင့် ရှေးဟောင်းဝတ္တုပစ္စည်းများ များစွာ တည်ရှိ နေသည့်အနက် ဟန်လင်း၊ ဗိဿနိုး နှင့် သရေခေတ္တရာ ပျူရှေးဟောင်းမြို့(၃)မြို့ကို ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဖြစ်ရေး UNESCO သို့ တင်သွင်းခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဇွန်လ(၂၂) ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများအဖြစ် သတ်မှတ်ခံခဲ့ပါသည်။ ကမ္ဘာ့အမွေအနှစ် ရရှိပြီးနောက် ချမှတ် ရေးစွဲထားသော မျှော်မှန်းချက်များ၊ ဦးတည်ချက်များ၊ လုပ်ငန်းအစီအစဉ် များဖြင့် ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ခြင်းနှင့်အတူ သုတေသနလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လာနိုင် ခဲ့ပါသည်။ ဟန်လင်း ပျူရှေးဟောင်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ်အတွင်းရှိ ဟန်လင်း(ဟံလင်း) ကျေးရွာတွင် တည်ရှိသည်။ ဟန်လင်း ကျေးရွာသည် ရွေဘိုမြို့မှ အရှေ့တောင်ဘက် ၁၀ မိုင်ခွဲခန့်အကွာ၊ ဝက်လက်မြို့မှ အရှေ့မြောက် ဘက် ၆ မိုင်ခန့် အကွာတွင် တည်ရှိသည်။  

ဟန်လင်းဒေသအား ကွင်းဆင်းလေ့လာ စမ်းသပ်တူးဖော် သုတေသနလုပ်ငန်းများကို စစ်ကြိုခေတ် ၁၉၀၅ ခုနှစ်တွင် ကျောက်စာဝန် မစ္စတာတော်စိန်ခို က တစ်ကြိမ်၊ ၁၉၂၉ ခုနှစ်တွင် ကျောက်စာဝန် မစ္စတာ ဒူရွိုင်ဇယ် က တစ်ကြိမ် ပဏာမ စတင်ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် ဟန်လင်းကြီးမြို့ဟောင်းတွင် ကုန်းအမှတ်များကို (HL=Halin)ဟုမှတ်သား၍ HL_01 မှ အစပြုကာ သုတေသနဝန်ထောက်များဖြစ်သော ဦးစိန်မောင်ဦး နှင့် ဦးမြင့်အောင်တို့က ၁၉၆၂ မှ ၁၉၆၇ ခုနှစ်ထိ ၁၉ ကုန်း တူးဖော်ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် ခေတ် အဆက်ဆက် တူးဖော်သုတေသနပြုခြင်းများ နှစ်စဉ်ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၁ ခုနှစ်အထိ (HL_46 အထိ) ကုန်းပေါင်း(၄၆)နေရာကို တူးဖော်သုတေသနပြု ဆောင်ရွက်နိုင်ခဲ့ပါသည်။          ကုန်းပေါင်း ၄၆ ကုန်း တွင် ဘာသာရေးဆိုင်ရာ၊ နေထိုင်မှုဆိုင်ရာ အဆောက်အအုံများ၊ မြို့ရိုးများ၊ မြို့ဝင်ပေါက်များ၊ နန်းမြို့ရိုးနှင့် ဝင်ပေါက်ရာများ၊ ရေအသုံးချမှုနှင့် ရေထိန်းတမန်များ၊ မြုပ်နှံမှုဆိုင်ရာနေရာများ စသည်ဖြင့် မြို့ပြဖွဲ့စည်းမှု အင်္ဂါရပ်များကို သုတေသနပြု ဖော်ထုတ်နိုင်ခဲ့ပါသည်။ ၂၀၁၅-၁၆ တွင် တူးဖော်ဆောင်ရွက်ခဲ့သော HL_39 သည် အတွင်း နန်းတော် အရှေ့ဘက်တံတိုင်း၏ ဝင်‌ပေါက်နေရာဖြစ်ပါသည်။ တူးဖော်ခြင်းမဆောင်ရွက်ခင် Italy နိုင်ငံ Lerici Foundation မှ ပညာရှင် များနှင့် ပူးပေါင်း၍ Geomagnetic Survey နည်းပညာဖြင့် မြေအောက်ရှိ အုတ်၊ ကျောက် တို့ဖြင့် ဖွဲ့စည်းတည်ရှိသော အဆောက်အအုံများ၏ ပုံရိပ်ကို စမ်းသပ်ရှာဖွေခဲ့သည်။ ယင်းသို့ နည်းပညာဆိုင်ရာ အကူအညီဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် နန်းတော်ဝင်ပေါက်ရာ ပုံရိပ်ကို လေ့လာတွေ့ရှိခဲ့ပြီး  တူးဖော်သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။

တူးဖော်တွေ့ရှိမှု   

၂၀၁၅-၂၀၁၆ တွင် စမ်းသပ်ရရှိသော အထောက်အထားကို အခြေခံ၍ ဟန်လင်းဌာနစုမှ ဦးစောနိုင်ဦး(ဦးစီးအရာရှိ) ဦးဆောင်သော သုတေသနအဖွဲ့က တူးဖော်ဆောင်ရွက်ခဲ့သည်။  အကျယ် ၁၈ ပေခန့်ရှိ နန်းတော်ဝင်ပေါက်ကို တွေ့ရှိခဲ့ရသည်။ ဝင်ပေါက်နှင့်အတူ ဝင်ပေါက်၏ အပြင်ဘက်အနီး တွင် သဲကျောက်တုံးကြီးကိုလည်း တွဲလျက်တွေ့ခဲ့ရပါသည်။ အလျား ၁၂ ပေ ခန့်၊ အကျယ်(ဗျက်) ၆ ပေ ခန့်ရှိ အက်ကွဲကြောင်းရာ များစွာဖြင့် ဖော်ထုတ်တွေ့ရခြင်း ဖြစ်သည်။ အနီးအနားမှ ကျောက်တုံးအစိတ် အပိုင်းအချို့တွင် ခရုခွေကဲ့သို့ ကျောက်ဆစ်လက်ရာပါခြင်း၊ အောက်ဘက်တွင် တစိတ်တပိုင်းမျှ တွေ့ရသော မျက်လုံး၊ မျက်ခုံး သဏ္ဍာန်တို့ကြောင့် ရုပ်တု(သို့) ကျောက်စာချပ် ဖြစ်နိုင်သည်ဟု ယူဆခဲ့ပြီး ပြည်တွင်း ပြည်ပ ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင် ထိန်းသိမ်းနိုင်မှသာလျှင် မပျက်မစီး ဆောင်ရွက်နိုင်မည်ဟု တာဝန်ရှိသူများ၊ ပညာရှင်များက ဝိုင်းဝန်းသုံးသပ်၍ နေရာတွင်ပင် အမိုးအကာပြုလုပ်ကာ ယာယီထိန်းသိမ်းထားခဲ့ပါသည်။ အီတလီ၊ ထိုင်း စသည့် ပြည်ပနိုင်ငံမှ ပညာရှင်များ ကလည်း  လာရောက်လေ့လာခဲ့ကြ သော်လည်း အကောင်အထည်မဖော်နိုင် ခဲ့သေးပေ။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပြည်ပ ပညာရှင်များ ခရီးသွားလာရေးခက်ခဲခြင်းနှင့်အတူ ထိန်းသိမ်း ဆောင်ရွက်ရန် အလှမ်းဝေးလျက်ပင် ရှိပါသည်။ ကျောက်တုံးကြီးသည်လည်း လေးနှစ်ကျော်ခန့် လေဒဏ်၊ နေဒဏ်၊ မိုးဒဏ်၊ လူ နှင့် တိရစ္ဆာန်တို့၏ ဘေးဒဏ် ခံစားရမှုများကြောင့် ယခင်ထက် ပိုမိုအက်ကွဲ ကြေမွလာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပျက်စီးဆုံးရှုံးသွားနိုင်သည့် အခြေအနေ တွေ့ရှိရခြင်းကြောင့် အရေးပေါ် ကယ်ဆယ်ကုစားထိန်းသိမ်းနိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရ ပါသည်။

အရေးပေါ် ကယ်ဆယ်ထိန်းသိမ်းခဲ့ခြင်း

မိမိအနေဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့သည့် ကာလတလျှောက် သင်ယူခဲ့သည့် အတွေ့အကြုံများ၊ ပြည်တွင်း နှင့် ပြည်ပ သင်တန်းများမှ အတွေ့အကြုံများကို အခြေခံ၍ ထိန်းသိမ်းရေးလုပ်ဆောင် နိုင်မည့် နည်းလမ်းများ၊ အသုံးပြုမည့်ပစ္စည်းများ၊ ဓါတုဆေးများ နှင့် လိုအပ်ချက်များကို ဌာန လုပ်ဖော် ကိုင်ဖက်များ ၊ ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေး တိုင်ပင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကျသင့်မည့်ရန်ပုံငွေ တွက်ချက်တောင်းခံခြင်း၊ ဦးစီးဌာနသို့ လုပ်ငန်းဆောင်ရွက်ခွင့် လျှောက်ထား ခြင်းများကို အဆင့်ဆင့်တင်ပြခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ရန်ပုံငွေ ချပေးခဲ့ပြီး၊ ဦးစီးဌာနကလည်း ယုံကြည်စွာ ဆောင်ရွက်ခွင့် ပြုပေးခဲ့ခြင်းတို့ကြောင့် သဲကျောက်တုံးကြီး ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ခွင့်ပြုချက်ရသည် နှင့် ဟန်လင်း ဌာနစုမှ အရာထမ်း၊ အမှုထမ်း ၁၂ ဦးဖြင့် လုပ်ငန်းဆောင်ရွက်ရန် ဖွဲ့စည်းခဲ့ပါသည်။ ထိန်းသိမ်းရေးလုပ်ငန်းသို့ ပုဂံဌာနခွဲ၊ သရေခေတ္တရာဌာနခွဲ၊ ဗိဿနိုးဌာနခွဲ တို့မှ ထိန်းသိမ်းရေး ဝန်ထမ်းများကိုပါ ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခဲ့သော်လည်း Covid-19 ၊ ဒုတိယ လှိုင်းအတွင်း ခရီးသွားလာခြင်းများ ကန့်သတ်ထားခြင်းကြောင့် ဖိတ်ခေါ်နိုင်ခဲ့ခြင်းမရှိဘဲ ဟန်လင်း ဌာနစုမှ ဖွဲ့စည်းထားသော သုတေသနလုပ်ငန်း အဖွဲ့ဖြင့်သာ ဆောင်ရွက်ခဲ့ရပါသည်။ လုပ်ငန်းခွင် အနီး ယာယီအလုပ်ရုံဆောက်လုပ်၍ (၁၂.၉.၂၀၂၀)ရက်နေ့မှ စတင်ပြီး နေ့စဉ် ပြန်လည် တူးဖော်ခြင်း၊ ဓာတုဗေဒဆေးများဖြင့် ရှေးဟောင်းသုတေသနဆိုင်ရာ ထိန်းသိမ်းခြင်း တို့ကို ပျက်စီးမှု နည်းနိုင်သမျှ နည်းပါးအောင် ဂရုတစိုက် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။

ကနဦးမှတ်တမ်းတင်ခြင်း

ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဦးစွာသဲကျောက်တုံးကြီး၏ မူလအနုပညာ လက်ရာများ၊ မူလကစိုက်ထူထားရှိသောရည်ရွယ်ချက်များ၊ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်တို့ကို ကြိုတင်လေ့လာမှတ်တမ်းတင်ခြင်း လုပ်ငန်းများကို ကနဦး စတင် ဆောင်ရွက်ခဲ့သည်။ ထို့နောက်မူလအနေအထားအတိုင်း  ပျက်စီးရသည့်အကြောင်းအရင်းများနှင့် ပျက်စီးမှု အခြေအနေများကို အသေးစိတ် ပုံဆွဲမှတ်တမ်းတင်ခြင်း၊ ဓာတ်ပုံမှတ်တမ်းများရယူခြင်း၊ အစိတ်အပိုင်းများအလိုက် နံပါတ်များသတ်မှတ်ခြင်းနှင့် Assessment card တို့ကို  စနစ်တကျ စီမံဆောင်ရွက်ခဲ့ကြပါသည်။ လုပ်ငန်းခွင်အတွင်း တွေ့ရှိရသောအခက်အခဲပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနရှိ ဆရာသမားများ၊ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီကိုရယူ၍  ပြန်လည်တူးဖော်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

အသုံးပြုပစ္စည်းများ နှင့်ထိန်းသိမ်းမှုနည်းလမ်း

ကျောက်တုံးကြီးကို ထိန်းသိမ်းမှုလုပ်ငန်းဆောင်ရွက်နိုင်ရန် ယာယီအလုပ်ရုံကို ဦးစွာ ဆောက်လုပ်ခဲ့ရသည်။ ပြီးနောက်မှ မူလတည်ရှိသည့်အတိုင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ခြင်း၊ ပုံဆွဲခြင်း၊ အစိတ်အပိုင်းများကို အမှတ်အသား နံပါတ်များ မှတ်သား ခြင်း၊ ကျောက်သားမွသည့်နေရာများ၊ ကြံ့ခိုင်မှုအားနည်းသည့်နေရာများကို ကျစ်လစ်စေရန် ဓါတုဆေး ရည်ဖြန်းခြင်း၊ အက်ကြောင်းရာများအတွင်း ထိုးသွင်းခြင်းတို့ဖြင့် ကနဦး ဆောင်ရွက်ခဲ့ ပါသည်။ အသုံးပြု ပစ္စည်းများအနေဖြင့်- Acetone, Ethanol, White Spirit, Distill water, Sikadur N 31 CF Normal Epoxy A/B, Rebat Anchoring Epoxy A/B, Line powder, Sand powder, Brick powder, Sulphur, Gypsum စသည့် ဓါတုဆေးများကို အသုံးပြုဆောင်ရွက်ခဲ့ သည်။ ဆောင်ရွက်ရာတွင် ကျောက်တုံးကြီးမှ အစိတ်အပိုင်းများကို အောက်ခြေမှစ၍ တစ်ပိုင်း ခြင်းခွာထုတ်ကာ သန့်ရှင်းခြင်း၊ ကျောက်သားကျစ်ဆေးဖြန်းခြင်း၊ ထိုးခြင်း၊ မှတ်တမ်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်းများ ပြီးနောက် ဆက်စပ်မည့် မျက်နှာပြင်နှစ်ခုတွင် အရွယ်အစားနှင့် ကြံ့ခိုင်မှုပေါ် အခြေခံ၍ 10.mm, 8.mm, 6.mm စတီးချောင်းများထည့်၍ နှစ်မျိုးစပ်ကော်ဖြင့် ဆက်စပ်ဆောင် ရွက်ခဲ့ပါသည်။ ကျောက်တုံးကြီးတွင် အဓိကအစိတ်အပိုင်းအကြီး (၂၅) ခု၊ အစိတ်အပိုင်းအလတ် (၇၈)ခု၊ အပိုင်းအစအသေးများ (၈၀)ခန့်ရှိပြီး စုစုပေါင်းအစိတ်အပိုင်း ( ၁၈၀)ကျော်ဖြင့် ဆက်စပ် ဆောင်ရွက်ခဲ့ရပါသည်။ ဆက်စပ်ပြီးနောက် ဆက်ကြောင်းရာများအတွင်း သရွတ်ကြားသိပ်ပြီး လစ်ဟာနေသော အတွင်းပိုင်းနေရာများကို သရွတ်ဖျှော်၍ လောင်းထည့်ခဲ့သည်။ ဆက်ကြောင်း သရွတ်များကို အရောင်ကွာဟမှုမရှိစေရန်လည်း အလေးထားဂရုပြု ဆောင်ရွက်ရပါသည်။

အရွယ်အစားနှင့် ဗိသုကာလက်ရာ

သဲကျောက်တုံးကြီးကို ပြန်လည်တွဲဆက် ထိန်းသိမ်းရေးကို ၄ လခန့်ကြာမြင့်စွာ ဆောင်ရွက်ခဲ့ရသည်။ ဆက်စပ်ပြီးချိန်တွင် ရုပ်တုကြီးအရွယ်အစားမှာ အလျား(အမြင့်) ၁၂ ပေ၊ အနံ(ဗျက်) ၅.၅ ပေခန့်၊ ထု ၁ ပေခွဲခန့် ရှိသော သဲကျောက်ရုပ်ကြွကြီးကို လက်ရာမြောက်စွာ တွေ့ရသည်။ ဘာသာရေးအဆောက်အအုံများနှင့် ယှဉ်တွဲတွေ့ရလေ့ရှိသော Guardian အနွယ်ဝင် ဒွါရပါလ ရုပ်တုဟု ယေဘူယျ မှတ်ယူနိုင်ပါသည်။ ကျောက်ချပ်ကြီးမှာ အမြင့် ၁၂ ပေကျော် ရှိသော်လည်း ရုပ်တု၏အရွယ်မှာ ခြေဖနောင့်မှအထက် ဦးခေါင်းအထိ (၉)ပေခန့်ရှိသော တင်းပုတ်ကိုင် မတ်ရပ်အနေအထား ဖြစ်သည်။ ဦးခေါင်းတွင် ဆံရစ်ခွေများပါရှိပြီး ဘယ်ဘက်သို့ အနည်းငယ်ယိမ်းထားဟန် တွေ့ရှိရပါသည်။ မျက်လုံးများပြူး၍ သွားစေ့ထားပြီး အပေါ်သွား အစွန်တွင် အောက်သို့ထွက်နေသော သွားစွယ်နှစ်ချောင်းပါသည်။ ဝမ်းဗိုက်ကို ညာဘက်သို့လွှဲပစ် ထားပြီး တင်းပုတ်ကို လက်နှစ်ဘက်ဖြင့်ကိုင်ကာ ညာဘက်ပခုံးပေါ်တွင် ထမ်းထားသည့်ဟန် ဖြစ်ပါသည်။ ရုပ်ကြွကြီး၏ ခြေကျင်း၊ လက်ကောက်ဝတ်၊ လက်မောင်း၊ လည်ပင်းနှင့် နားဆွဲနေရာများတွင် နဂါးရုပ်များဖြင့် တန်ဆာဆင်ထားသည်။ စုစုပေါင်း နဂါး(၉)ကောင်ဖြင့် တန်ဆာဆင် ထွင်းထုထားသည်ကို ထူးခြားအံ့ဩဖွယ် တွေ့ရှိရပါသည်။ ၎င်းအပြင် ဘယ်နား အထက်တွင် ဝတ်ဆံကိုးခုပါ ပန်းပွင့်ပုံတစ်ခုလည်း ထည့်သွင်းထုဆစ်ထားသည်။ ကျောက်ဆစ် လက်ရာပျော့ပြောင်းသည်၊ တုတ်ခိုင်ပုကွပြီး ကြောက်စရာအသွင်ရှိသော်လည်း အားကိုးယုံကြည် နှိုင်မှုအသွင်ကိုလည်း တွေ့ရသည်။

ထိုကဲ့သို့ ထူးဆန်းအံ့ဩဖွယ်ကောင်းသော ကျောက်ဆစ်လက်ရာများဖြင့် ထွင်းထုခဲ့သည့် ဟန်လင်းပျူခေတ် ကျောက်ဆစ်ပညာရှင်များ၏ အနုပညာလက်ရာမြောက်စွာ ဖန်တီးပုံဖော်နိုင်မှု သည် သမိုင်းတင်ခေတ်ဦးကာလ ယဉ်ကျေးမှု၌ မြန်မာ့ရှေးဟောင်းမြို့တော်ဖြစ်သည့် ဟန်လင်း တွင် အနုပညာနှင့်ဗိသုကာအတက်ပညာများ ထွန်းကားခဲ့ကြောင်းကို စစ်မှန်သောသက်သေ ခိုင်လုံမှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒေသအတွက်၊ ဦးစီးဌာနအတွက်၊ နိုင်ငံတော်အတွက် ဝမ်းသာဂုဏ်ယူ တန်ဖိုးထားထိုက်သည့် တူးဖော်သုတေသနတွေ့ရှိချက် အသစ်တစ်ခုပင် ဖြစ်ပြီး သုတေသနပြု ထိန်းသိမ်းခွင့်ရရှိခဲ့ခြင်းအတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မှု ခံစားရပါသည်။

ရှေ့လုပ်ငန်းစဉ်များ

အစိတ်အပိုင်းပေါင်းများစွာဖြင့် ဆက်စပ်ထိန်းသိမ်းခဲ့ရသော ရှေးဟောင်းသုတေသန တန်ဘိုး၊ သမိုင်းတန်ဘိုး၊ အနုပညာဗိသုကာတန်ဘိုး၊ ယဉ်ကျေးမှုတန်ဘိုးများ ကြီးမားသည့် ရုပ်တုကြီးကို ရေရှည်တည်တံ့စေရန်မှာ အမြဲစောင့်ကြည့်စစ်ဆေး ထိန်းသိမ်းသွားရန် လိုအပ်မည် ဖြစ်ပါသည်။ ထိုသို့စောင့်ကြည့်စစ်ဆေး ထိန်းသိမ်းသွားရန်မှာလဲ လုံခြုံမှုရှိ၍ သဘာဝဘေးဒဏ် မခံရနိုင်သော နေရာတွင် ထားရှိရန်လိုအပ်မည် ဖြစ်ပါသည်။ သို့အတွက် ယင်းလုပ်ငန်းစဉ် နှင့်ပတ်သတ်၍ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ ဆွေးနွေးညှိနှိုင်း၍ အများပြည်သူ လေ့လာနိုင်စေရန် နှင့် ရုပ်တုအား အနီးကပ်စောင့်ကြည့် ထိန်းသိမ်းသွားနိုင်ရန်အလို့ငှာ ဟန်လင်း ရှေးဟောင်းသု တေ သန ပြတိုက်တွင် အဆောင်သီးသန့်ပြုလုပ်၍ ထားရှိပြသသွားမည်ဖြစ်ပြီး မူလနေရာတွင်မူ ပုံစံတူရုပ်တုတစ်ခု ပြုလုပ်၍ ထားရှိသွားနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း အနုပညာ လက်ရာမြောက် ထုဆစ်ထားသည့် ရုပ်တုအား တူးဖော်သုတေသနပြု ထိန်းသိမ်းခဲ့သည့် လုပ်ငန်းစဉ်အား သိရှိနိုင်ပါရန် တင်ပြအပ်သည်။

ထွန်းထွန်းအေး