Joint Consultative Meeting (JCM) အာဆီယံပူးတွဲညှိနှိုင်းမှု အစည်းအဝေးကျင်းပ ပြီးစီး

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့ ၁၃:၀၀ နာရီတွင် အာဆီယံပူးတွဲညှိနှိုင်းမှု အစည်းအဝေး Joint Consultative Meeting (JCM) ကို Video Conference စနစ်ဖြင့် ကျင်းပ ခဲ့ရာ လက်ရှိအာဆီယံ ဥက္ကဌဖြစ်သော ဘရူနိုင်းနိုင်ငံက အစည်းအဝေးသဘာပတိဖြစ် ဆောင်ရွက် ခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံ (၁၀) နိုင်ငံမှ မဏ္ဍိုင်သုံးရပ်၏ အဆင့်မြင့်အရာရှိကြီးများ ဦးဆောင်သော ကိုယ်စားလှယ်များ၊ အာဆီယံအမြဲတမ်းကိုယ်စားလှယ်ရုံးများမှ သံအမတ်ကြီး များ/ ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးဆောင်သော အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ သက်ဆိုင်ရာ ဌာနကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါ သည်။

          သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်မှ အဆင့်မြင့်အရာရှိဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် ဦးဆောင်သော ASCC ရုံးအဖွဲ့က တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ၂၀၂၁ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါအား တုန့်ပြန်ရေးအတွက် အာဆီယံမှအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ကဏ္ဍစုံ/မဏ္ဍိုင်စုံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အာဆီယံ ပေါင်းစည်းရေးမဟာဗျူဟာအစီအစဉ် ၂၀၂၅ အား အကောင်အထည်ဖော်သည့်အခြေအနေများ၊ အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက် ၂၀၂၅ နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂ၏ ၂၀၃၀ အစီအစဉ်တို့အကြား ဆောင်ရွက်နေသောကိစ္စရပ်များ၊ အာဆီယံအဆင့်မြင့် မြို့တော်ကြီးများကွန်ယက်၊ အာဆီယံဒေသအတွင်း ဖွံ့ဖြိုးမှုကွာဟချက်လျော့ချရေးနှင့် ၂၀၂၁နှင့် ၂၀၂၂  ခုနှစ်အတွင်း ဆောင်ရွက်မည့် အာဆီယံ၏ လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ ကြပါသည်။