ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ ပြန်လည်တင်ပြရမည့် သဘောထားမှတ်ချက်များ(Recommendations)အား ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ် အစည်းအဝေးခန်းမ၌ ၁၅-၆-၂၀၂၁ရက်နေ့၊ (၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကား ပြောကြား ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီတို့မှ အဖွဲ့ဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် အဇာဘိုင်ဂျန် နိုင်ငံ၊ ဘာကူမြို့၌ ၂၀၁၉ ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်လ(၁၀)ရက်နေ့ထိ ကျင်းပပြုလုပ် ခဲ့သည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံအစည်းအဝေး၏ ဆုံးဖြတ်ချက် အမှတ်- 43 COM 8B.20 ဖြင့် ၆-၇-၂၀၁၉ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါကြောင်း၊ သို့ရာတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်ဝင်ရောက်ရန် တင်ပြခဲ့သည့်အဆိုပြုစာတွဲ (Nomination Dossier)အပေါ် ကမ္ဘာ့အမွေအနှစ်ကော်မတီ(WHC)မှ အကြံပြုထားသည့် ဆက်လက်ဆောင်ရွက်ရမည့် အချက် (၁၉)ချက်ပါရှိပြီး အဆိုပါအချက်များ၏ ဆောင်ရွက်ဆဲ/ဆောင်ရွက်မှုအခြေအနေများ၏ တင်ပြချက် အစီရင်ခံစာကို၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့ နောက်ဆုံးထား၍ ကမ္ဘာ့အမွေအနှစ်ဗဟိုသို့ ပြန်လည်တင်ပြအစီရင်ခံနိုင်ရမည်ဖြစ်ပါကြောင်း၊
ကမ္ဘာ့အမွေအနှစ်ကော်မတီ(WHC)မှ အကြံပြုထားသည့် အချက်(၁၉)ချက်အပေါ် ညှိနှိုင်းအစည်းအဝေးတက်ရောက်လာသူများက ယခုအစည်းအဝေးမှ အကြံပြုချက်များကို ပေါင်းစပ်ညှိနှိုင်း၍ မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ သတ်မှတ်ရက် မတိုင်မီတင်ပြနိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်ကော်မတီ(WHC)မှ အကြံပြုထားသည့် အချက်(၁၉)ချက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆက်စပ် လုပ်ဆောင်အကောင်အထည်ဖော်ရမည့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းပြုပြင်ရေးဆိုင်ရာ ကိစ္စရပ်များသာမက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း One Map ရေးဆွဲခြင်း၊ မြို့ပြနှင့် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ Bagan Hotel Strategy နှင့် Tourism Strategy ရေးဆွဲခြင်း၊ ပုဂံဒေသမြေယာရှုခင်းထိန်းသိမ်းခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် ပုဂံလေဆိပ်တိုးချဲ့မှုဆိုင်ရာလုပ်ငန်း အစီအစဉ်များရေးဆွဲခြင်း စသည့်လုပ်ငန်းများကို ပုဂံဒေသအတွင်းရှိ သက်ဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးကော်မတီများ၊ ပုဂံဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BAGAN COM)၊ ဆက်စပ်ဝန်ကြီးဌာနများက မိမိတို့နှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ရေရှည် တည်တံ့ခိုင်မြဲရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသများ၏လူနေမှု အဆင့်မြင့်မားရေး တို့မှာ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ပါကြောင်း၊
အဓိက Bagan One Map လုပ်ငန်းကို နိုင်ငံတော်အဆင့် Project အဖြစ် ဆောင်ရွက်နိုင်ဖို့ အားလုံးဝိုင်းဝန်းပေးကြရန်နှင့် ပုဂံဒေသမှာ ဆက်လက်ဆောင်ရွက်ရမည့် ရေရှည်မဟာဗျူဟာစီမံကိန်းလုပ်ဆောင်နိုင်ရန်အတွက်လည်း ဆွေးနွေးညှိနှိုင်းမှုများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပသည့်အခါ ဝိုင်းဝန်းကူညီပေးပြီး လိုအပ်သည့် အချက်အလက်များ ဖြည့်ဆည်းပေးရန် ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာန အကြီးအကဲများက မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် ဆွေးနွေးကြပြီး အစည်းအဝေးကို (၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။