ဒုတိယဝန်ကြီး ဦးထွန်းအုံ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ၁၇  ဇွန်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေး နှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် (၃)ထပ် ကျောင်းသားအိပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်း၊ (၂)ထပ် စာသင်ဆောင်အပေါ် (၁)ထပ် ထပ်မံဖြည့်စွက် ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် အုတ်စီ၊ သံပန်းခြံစည်းရိုး ကာရံခြင်းလုပ်ငန်း၊ စတူဒီယို အဆောက်အဦအမိုးပိုင်း ပြုပြင်ခြင်းလုပ်ငန်း၊  အသံလုံနံရံ ပြုပြင်ခြင်းလုပ်ငန်းနှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ)၏ (၄)ခန်းတွဲ (၄)ထပ်တိုက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဒုတိယဝန်ကြီးသည် ယနေ့ ညနေပိုင်းတွင် ကမ္ဘာအေးစေတီလမ်းရှိ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)သို့ ရောက်ရှိပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်လျက်ရှိသော ပေ ၁၁၀× ပေ ၇၀ (RC၂ ထပ်) ပန်တျာဌာန သင်ကြားဆောင် အသစ်(၁)လုံးတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဗဟန်းမြို့နယ်၊ ယဉ်ကျေးမှုဝင်းအတွင်း၌ ပေ ၁၃၀ × ၄၅ ပေ (RC ၂ ထပ်) (၁၀)ခန်းတွဲ ဝန်ထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းနှင့် အလျား ပေ ၂၀၀×အမြင့် ၇ ပေ (RC တိုင် အုတ်၊ သံပန်း)  ခြံစည်းရိုးကာရံခြင်းလုပ်ငန်းခွင်များသို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို မှာကြားခဲ့ကြောင်း သိရသည်။