သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းသာသနိကအဆောက်အအုံများ၏ ပြုပြင်ထိန်းသိမ်းထားမှု အခြေအနေလှည့်လည်စစ်ဆေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် တို့နှင့်အတူ  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်၊ နေ့လယ်ပိုင်းတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီပုထိုးများ၊ ရှေးဟောင်းသာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပြီးစီးမှု များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ Archaeological Survey of India (A.S.I) အဖွဲ့က ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ ဆောင်ရွက်ခဲ့သည့် အာနန္ဒာဘုရား၏ အဆောက်အဦပိုင်းဆိုင်ရာထိန်းသိမ်းခြင်းနှင့် ဓာတုဗေဒဆိုင်ရာနည်းစနစ်များဖြင့် နံရံပန်းချီများ ထိန်းသိမ်းခြင်းလုပ်ငန်းကို  ကြည့်ရှုစစ်ဆေးရာ  ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဘုရားနံရံများတွင် ယခင်က ထုံးသုတ်ထားခဲ့သည့်  အောက်တွင် နံရံပန်းချီများ ဖုံးကွယ်သွားနိုင်သဖြင့် နံရံပန်းချီများ ရှိ၊ မရှိ သိရှိရန်အတွက် အတိုင်းအတာ တစ်ခုသတ်မှတ်၍ စမ်းသပ်သုတေသနပြုဖော်ထုတ်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထီးလိုမင်းလိုဘုရား ပြုပြင်ထိန်းသိမ်း ထားရှိမှုကို စစ်ဆေးခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၇) ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမိုးဇော် က ၂၀၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ထီးလိုမင်းလိုဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း တင်ပြခဲ့ပါသည်။  ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ဘုရားအတွင်း လှည့်လည်စစ်ဆေး၍ ထီးလိုမင်းလိုဘုရား နံရံအင်္ဂတေများကွာကျမှုကို ပြန်လည်ထိန်းသိမ်းရာတွင် အနားသတ်ကြားသိပ် လုပ်ငန်းများကို စနစ်တကျသပ်ရပ်စွာ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာရေးထိုးပြီး ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်မည့် သဗ္ဗညုဘုရားတွင် အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်း များကို အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ညွှန်ကြားရေးမှူးချုပ်က သဗ္ဗညုစေတီအရေးပေါ် ထိန်းသိမ်းရေးဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ထိန်းသိမ်းရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ အမြန် အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ ဆက်သွယ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါ သည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဆံတော်ဘုရားသို့ ကြည့်ရှုစစ်ဆေး ခဲ့ရာတွင်  ပြည်ထောင်စုဝန်ကြီးက ဂေါပကရုံးနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများ ယခုထက် ထပ်မံတိုးချဲ့မှု မပြုစေရေး သက်ဆိုင်ရာဌာနများက ကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လောကထိပ်ပန်ဘုရားသို့ သွားရောက်၍ နံရံဆေးရေးပန်းချီများကို လှည့်လည်စစ်ဆေးခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးက တန်ဖိုးမဖြတ် နိုင်သော နံရံဆေးရေးပန်းချီများကို ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းမှုအခြေအနေများကို နိုင်ငံတကာပညာရှင်များက လေ့ကျင့်ပေးထားခဲ့သည့် ဌာနမှ ကျွမ်းကျင်ပညာရှင် ဝန်ထမ်းများဖြင့် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် မျိုးဆက်သစ်များကိုလည်း လေ့ကျင့်ပေးရင်း ထိန်းသိမ်း သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

၎င်းမှတစ်ဆင့် ပုဂံရှုမြင်ကွင်းကြည့်ရှုနိုင်သည့် စူဠာမဏိစေတီအနီးရှိ ညောင်လက်ဖက်ကန် ရှုခင်းကြည့်တောင်ကုန်းသို့ ရောက်ရှိစစ်ဆေးခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က မြကန်မှတစ်ဆင့် အလံပုဂံကန်၊ အရှေ့ဖွားစောကျေးရွာရှိ ဇေယျသွပ်ကန်၊ မင်းနန်သူကန်၊ ညောင်လက်ဖက်ကန်သို့ အဆင့်ဆင့် ရေလမ်းကြောင်း စီးဆင်းမှုများ ရှင်းလင်းတင်ပြခဲ့ပါသည်။  ပြည်ထောင်စုဝန်ကြီးက ရှုခင်းကြည့် တောင်ကုန်းများဆောင်ရွက်ပေးထားခြင်းဖြင့် နှစ်ကာလကြာမြင့်စွာက တည်ရှိခဲ့သည့် ဘုရားများ ပေါ်သို့ တက်ရောက်ကြည့်ရှုမှုကို လျှော့ချနိုင်သကဲ့သို့ ပုဂံဒေသ၏ရှုခင်းများကို ကောင်းမွန်စွာ ကြည့်ရှုနိုင်ခြင်းဖြင့် ခရီးသွားဧည့်သည်များအား စွဲဆောင်မှုရှိသော်လည်း ရှုခင်းကြည့် တောင်ကုန်းများ ဆောက်လုပ်ထားသည့် ကန်များသည် ပုဂံခေတ်ကတည်းက တည်ရှိခဲ့သည့် ရှေးဟောင်းကန်များ ဖြစ်သဖြင့် ပုဂံခေတ်ကာလ၏ရေအသုံးချမှုစနစ်ကို လေ့လာသုတေသနပြုလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  ပုဂံခေတ်ရေအရင်းမြစ်ရေအသုံးချမှုနှင့်ပတ်သက်၍ ဌာနမှ သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန်၊ မျက်မှောက်ခေတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ပုဂံခေတ်ရေလမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ မြေပေါ်မြေအောက်ရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် နောင်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် အခါ၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်နိုင်မှုရှိ/မရှိ ဆန်းစစ်ခြင်း၊ Heritage Impact Assessment (H.I.A)ပါ အကြံပြုချက်များအတိုင်း လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စူဠာမဏိဘုရားသို့  ကြည့်ရှုစစ်ဆေးရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၇) ဒုတိယညွှန်ကြားရေးမှူး ဦးလှမိုးဇော်က ၂၀၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စူဠာမဏိဘုရား ပြန်လည် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့ရာတွင် အပေါ်ထပ်တိုက်မ အာရုံခံပစ္စယာအား ပျက်ပုံအတိုင်း ပြင်ဆင်ခြင်း၊ အရံစေတီများ အလေးဝန်လျှော့ချခြင်း၊ အပေါ်ထပ်အာရုံခံအမိုးပေါင်းကူးများ ပြုလုပ်ခြင်း၊ အပေါ်ထပ်အာရုံခံအမိုး၊ ဒုတိယနှင့် တတိယ ပေါင်းကူးများ ပြုလုပ်ခြင်း၊ ကွမ်းတောင်ပိုင်း ပြန်လည်တည်ဆောက်ခြင်းစသည့် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ ဖြစ်သည့်အတွက် သမိုင်းတန်ဖိုးနှင့် ယဉ်ကျေးမှုတန်ဖိုးမြင့်မားသဖြင့် ရေရှည်တည်တံ့ စေရေးနှင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျ ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ထိန်းသိမ်း ရာတွင်လည်း ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ထိန်းသိမ်းရန်၊ နိုင်ငံတော်က လက်ခံထားသော အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများနှင့် ကိုက်ညီသည့် ထိန်းသိမ်းမှု နည်းစနစ်များနှင့်အညီ ဆောင်ရွက်ရန်၊ ရှေးဟောင်းအဆောက်အအုံများအား ရှေးမူလက်ရာမပျက် ထိန်းသိမ်းရန်၊ UNESCO ၏ ထိန်းသိမ်းရေးလမ်းညွှန်ချက် စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန်၊ နောင်တွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကိုလည်း တွက်ဆ၍ ရှေးဟောင်းအဆောက်အအုံများ ကြံ့ခိုင်မှုရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။