မြန်မာ့ရိုးရာစဉ့်ထည်အနုပညာအထူးပြပွဲ ဖွင့်ပွဲအခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်

အမျိုးသားပြတိုက်(နေပြည်တော်) တည်ဆောက်ဖွင့်လှစ်ပြသမှု (၃)နှစ်ပြည့်အထိမ်းအမှတ် အဖြစ် ခင်းကျင်းပြသသည့် မြန်မာ့ရိုးရာစဉ့်ထည်အနုပညာအထူးပြပွဲဖွင့်ပွဲအခမ်းအနားကို အမျိုးသား ပြတိုက်(နေပြည်တော်)၌ ယနေ့နံနက်ပိုင်းက  ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီး ဌာန ပြည်ထောင်စု၀န်ကြီး သူရဦးအောင်ကို တက်ရောက်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စု၀န်ကြီးက ပြတိုက်များသည် (၁၅)ရာစုခန့်တွင် ဥရောပ၌စတင်ပေါ်ပေါက်ပြီး  ရှေးဟောင်းပစ္စည်းများ၊ အလှအပပစ္စည်းများ၊ အဖိုးတန်ရတနာများကို စုဆောင်းပြသခဲ့ကြရာမှ (၁၆)ရာစုတွင် ကျောင်းသူကျောင်းသားများအတွက်လည်းကောင်း၊ (၁၇)ရာစုတွင် အများပြည်သူ အတွက်လည်းကောင်း ပညာပေးရေးဌာနအဖြစ် တိုးတက်လာပါကြောင်း၊ (၁၉)ရာစုတွင် လက်တွေ့ သုတေသနဌာနအဖြစ် ပိုမိုတိုးတက်လာပါကြောင်း၊ မြန်မာနိုင်ငံ၌ (၁၈၅၂)ခုနှစ်တွင် စတင်ဖွင့်လှစ် နိုင်ခဲ့ပါကြောင်း၊ ပြတိုက်များအနေဖြင့် ၀န်ကြီးဌာန၊ ပုဂ္ဂလိကစသဖြင့်လည်းကောင်း၊ ဘာသာရပ် အရသော်လည်းကောင်း အမျိုးအစားများစွာ တည်ထောင်ဖွင့်လှစ်ထားကြပါကြောင်း၊ သို့သော် အားလုံး၏ ဘုံဦးတည်ချက်သည် ပညာပေးရေးဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် သတင်းအချက် အလက်ဆက်သွယ်မှုနည်းပညာများ ပိုမိုတိုးတက်လာသည်နှင့်အမျှ နိုင်ငံအချင်းချင်းဆက်သွယ်မှု လွယ်ကူလာပြီး ယဉ်ကျေးမှုများလည်း ကူးလူးဆက်သွယ်ပေါင်းစပ်လာပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ရိုးရာယဉ်ကျေးမှုကို ပျောက်ပျက်လျော့ပါးခြင်းမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရန် အလွန်အရေးကြီးလာပါကြောင်း၊ ပြတိုက်သည် နိုင်ငံတစ်ခု၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ဆက်စပ်ပေးပြီး လူမျိုး၏ သမိုင်းအစဉ်အလာနှင့် စွမ်းဆောင်ချက်ကို ဖော်ထုတ်ပြသပေးပါကြောင်း၊ အမျိုးသားရေးအတွက် အရေးပါသည့်နေရာဌာနတစ်ခု ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အနာဂတ်၏ မျိုးဆက်သစ်လူငယ်လူရွယ်များ၊ ကျောင်းသားကျောင်းသူများကို ပြတိုက်များသို့ မဖြစ် မနေလေ့လာရန် အစီအစဉ်များရေးဆွဲပြီး ၄င်းတို့၏အမျိုးဂုဏ်၊ဇာတိဂုဏ်၊နိုင်ငံ့သမိုင်း၊နိုင်ငံချစ်စိတ်များ ဖြစ်ထွန်းလာစေရေန်  ဆောင်ရွက် နေကြပြီဖြစ်ပါကြောင်း၊ အမျိုးသားပြတိုက်(နေပြည်တော်)ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ(၁၅)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုအချိန်တွင် မြန်မာနိုင်ငံ၏ရှေးဦးသမိုင်းမတင်မီ ခေတ်မှ မြို့ပြလူနေထိုင်မှုခေတ်အထိ      သမိုင်းကြောင်းအဆက်ဆက်နှင့်     ယဉ်ကျေးမှုအမွေအနှစ်
ပစ္စည်းများ၊တိုင်းရင်းသားတို့၏ရိုးရာအနုသုခုမတူရိယာပစ္စည်း၊ခေတ်အဆက်ဆက်ပန်းချီလက်ရာများ၊ အာဆီယံ နိုင်ငံများ၏ ရိုးရာ၀တ်စုံများနှင့် အထိမ်းအမှတ်များ၊  လက်မှုအနုပညာပစ္စည်းများ၊ ကလေး သူငယ် ပညာပေးမှုများ၊ သီဟာသနပလ္လင်နှင့် မင်းခမ်းတော်၀င်ပစ္စည်းပုံစံတူများကို ရုပ်လုံးရုပ်ကြွများ၊ ဗီဒီယိုပြကွက်များနဲ့ ဝေဝေဆာဆာ စုံစုံလင်လင်ပြထားသည်မှာ (၃)နှစ်ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ (၃)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက်ထွန်းကားခဲ့သည့် မြန်မာ့ရိုးရာစဉ့်ထည်များကို ထုတ်နှုတ်ပြီး မြန်မာ့ရိုးရာစဉ့်ထည်အနုပညာအထူးပြပွဲကို ခင်းကျင်းပြသခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းသည့်နည်းတူ မြန်မာ့ရိုးရာစဉ့်ထည်လုပ်ငန်း တိုးတက်ရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် ပြတိုက်များသည် ပညာပေးရေး၊ သုတေသနပြုရေးသာမက ပြည်သူလူထုအပန်းဖြေသည့်နေရာအဖြစ် ဖော်ဆောင် လာကြပါကြောင်း၊ ထို့ကြောင့် ပြတိုက်များ၏ ခင်းကျင်းပြသမှုကို စဉ်ဆက်မပြတ် တီထွင်ကြံဆ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ပြတိုက်၀န်ထမ်းများသည် သမိုင်းအမြင်၊ ရှေးဟောင်းသုတေ သနအမြင်၊ အနုပညာအမြင်၊ ယဉ်ကျေးမှုအမြင်ရှိရန် လိုအပ်သကဲ့သို့ ပြည်တွင်း ပြည်ပဧည့်သည်များ အဆင်ပြေချောမွေ့ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လေ့လာနိုင်အောင် ၀န်ဆောင်မှုအမြင်လည်းရှိရန် လိုအပ်ပါကြောင်း မှာကြားပါသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့်  မြန်မာသမိုင်းပညာရှင်များ၊ မြန်မာနိုင်ငံပြတိုက်များကော်မတီ အဖွဲ့၀င်များ၊ ICOM – Myanmar အဖွဲ့၀င်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ အထူးပြပွဲကို အားပေးကြည့်ရှုပါသည်။
မြန်မာ့ရိုးရာစဉ့်ထည်အနုပညာအထူးပြပွဲ (Myanmar Traditional Glaze Art Special  Exhibition)ကို အမျိုးသားပြတိုက်(နေပြည်တော်)၌ (၁၅-၇-၂၀၁၈)ရက်မှ (၁၄-၈-၂၀၁၈)ရက်အထိ အပတ်စဉ်တနင်္လာနေ့နှင့် ပြန်တမ်း၀င်ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက်(၉:၃၀)နာရီမှ ညနေ (၄:၃၀)နာရီအတွင်း ခင်းကျင်းပြသသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့၀င်ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.