သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမျိုးသားပြတိုက်(နေပြည်တော်)ရှိ ယဉ်ကျေးမှုအမွေအနှစ်ရှေးဟောင်းရွှေထည်ပစ္စည်းများကို ကြည့်ရှုစစ်ဆေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည်   ဒုတိယ ဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ (၁၄:၀၀)နာရီတွင် အမျိုးသားပြတိုက်(နေပြည်တော်)သို့ ရောက်ရှိပြီး Vault အခန်းတွင် ထိန်းသိမ်း ထားရှိသော ယဉ်ကျေးမှုတန်ဖိုးမြင့်မားသည့် မြင်းမူမြို့နယ်မှရရှိသော နယားခေါင်း လက်ကြပ်၊ ကျိုက္ကသာမြို့ဟောင်းမှရရှိသော ရွှေပြားများ၊ ပုဂံခေတ်တာရာဒေဝီ နတ်သမီးပုံ၊ ပုလဲမြို့နယ်မှ ရရှိသော ပျူခေတ်ပုတီးလုံးများ၊ တွံတေး မြို့နယ်မှရရှိသော ပုဂံခေတ်ရွှေအုန်းဖူး ဆွဲကြိုး အစ ရှိသည့် ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းရွှေထည်ပစ္စည်း(၆၀၁) ခုကို ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် အမျိုးသားပြတိုက် ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးသင်းတို့က ရှင်းလင်းတင်ပြကြသည်။

              ပြည်ထောင်စုဝန်ကြီးက အမျိုးသားပြတိုက်(နေပြည်တော်)နှင့် အမျိုးသားပြတိုက် (ရန်ကုန်)တို့သည် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားမှုများကို ဖော်ထုတ်ပြသရန်၊ ကြွယ်ဝပြီး အဆင့်အတန်း မြင့်မားသည့်  မြန်မာ့ယဉ်ကျေးမှုများနှင့် မြန်မာလူမျိုး၏စွမ်းဆောင်ချက်(Soft Power)များကို ဖော်ထုတ်ပြသရန်၊ ခေတ်မီဆွဲဆောင်မှုရှိပြီး ထိန်းသိမ်းမှုစနစ်၊ ပြသမှုစနစ် မှန်ကန်ကာ အဆင့်အတန်းမြင့်မားသည့် ပြတိုက်ဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများ ပြည်သူအတွက် ဖွင့်လှစ်ပြသထားရှိသောပြတိုက်ဖြစ်ကြောင်း၊ သို့အတွက် Vault အခန်းတွင် ထိန်းသိမ်းထားသော ယဉ်ကျေးမှုတန်ဖိုးမြင့်မားပြီး ရှားပါးရှေးဟောင်းလက်ရာ ရွှေထည် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများမှာ  မိမိတို့ဘိုးဘေးများ၏ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုကို ပြသနိုင်သည်သာမက သမိုင်းကြောင်းအတွက်ပါ အရေးကြီးသည့် ပစ္စည်းများဖြစ်သဖြင့် လုံခြုံစွာထိန်းသိမ်းထားရန်၊ ယခင်နှစ်က ရွှေထည်အထူးပြပွဲပြသခဲ့သကဲ့သို့  သင့်တော်သည့် ကာလတွင် အထူးပြပွဲများ ပြသနိုင်ရေးအတွက် ကြိုတင်စီမံထားရန်၊ နိုင်ငံအနှံ့အပြားတွင် ဌာနက ဆောင်ရွက်နေသည့် သုတေသနတူးဖော်မှုများက တွေ့ရှိသော ရှေးဟောင်းပစ္စည်းများကိုလည်း သမိုင်းအချက်အလက်မှန်ကန်စွာဖြင့် တိုးချဲ့ခင်းကျင်းပြသသွားရန်၊ နိုင်ငံတကာပြတိုက်များနှင့်ပါ ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ပြတိုက်ပစ္စည်းများလဲလှယ်ပြသခြင်းများ ပြုလုပ် ခြင်းဖြင့် နိုင်ငံတကာသို့ မိမိတို့ယဉ်ကျေးမှုအမွေအနှစ်များ ထိုးဖောက်နိုင်ရေးစီစဉ်ဆောင်ရွက် သွားရန်၊ ပြတိုက်ပစ္စည်းများကို လုံခြုံရေးအစီအစဉ်များ စနစ်တကျချမှတ်ဆောင်ရွက်သွားရန်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ခင်းကျင်းပြသရန် လျာထားသည့် တိုင်းရင်းသားယဉ်ကျေးမှု ပြခန်းကို အဆင့်အတန်းမီဖြင့် ပြီးစီးအောင်ခင်းကျင်းရန်၊ အများပြည်သူများအား ဖွင့်လှစ်ပြသ နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

 အမျိုးသားပြတိုက်(နေပြည်တော်)အား ပထမအဆင့်အနေဖြင့် ၁၅-၇-၂၀၁၅ ရက် တွင် အဆောင် A ရှိ လက်ဆောင်ပစ္စည်းများပြခန်း၊  အဆောင် B ရှိ ပရိုင်းမိတ်နှင့် ကျောက်ဖြစ် ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ်ပြခန်း၊ မြန်မာ့ပန်းချီ ပြခန်းနှင့် မြန်မာ့အနုသုခုမပြခန်းတို့ကိုလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့်     ၂၂-၃-၂၀၁၆ ရက်တွင် အဆောင် C ရှိ သီဟာသနပလ္လင်ပြခန်းနှင့်  အဆောင် D ရှိ မြန်မာ့လက်မှု အနုပညာပြခန်း၊ အာဆီယံပြခန်း၊ ကလေးသူငယ်ပညာပေးပြခန်းတို့ကိုလည်းကောင်း ဖွင့်လှစ် ပြသခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အမျိုးသားပြတိုက်(နေပြည်တော်)ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၅)ရက်နေ့မှစ၍  ယာယီပိတ်ထားခဲ့ရသော်လည်း ပြတိုက်ပစ္စည်းများ လုံခြုံရေး နှင့် ပြတိုက်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအတွက် နေ့စဉ် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။