ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ အပိုင်း(၁)

ယောကျ်ားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး ဟူ၍ မြန်မာဆိုရိုးစကား တစ်ရပ် ရှိရာ မြန်မာအမျိုးသမီးများသည် ဆံကေသာကို ဆံထုံးထုံးဖွဲ့ထားပါမှ ကျက်သရေရှိသည်၊ ဘုန်းရှိ သည်ဟု အစဉ်အဆက် ဓလေ့ထုံးစံတစ်ရပ်အနေဖြင့် အစဉ်အဆက် ယူမှတ်လာခဲ့ကြပါသည်။

ထို့ကြောင့်လည်း ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့သည် ဘုန်းကျက်သရေနှင့် ပြည့်စုံသော ဆံကေသာအား အရှည်ထားခြင်း၊ ဆံရှင်းခြင်း၊ ခေါင်းလျှော်ခြင်း၊ ဆီမွှေးနံ့သာ လိမ်းကျံခြင်း၊ လှပကျော့ရှင်းသပ်ရပ်နေစေရန် ထုံးဖွဲ့ခြင်း၊ ပန်းပန်ခြင်း၊ ဆံထိုး၊ ဘီး၊ ပုလဲကုံး စသည့် အဆင်တန်ဆာများဖြင့် အလှဆင်ခြင်းတို့ကို ခေတ်ကာလအလိုက်၊ နေရာဒေသအလိုက် လှပစွာ ဖန်တီး လုပ်ဆောင်ခဲ့ကြပါသည်။

ထိုသို့ ခေတ်အလိုက် ဆံကေသာအလှ ဆင်ယင်ထုံးဖွဲ့မှုများကိုလည်း နံရံဆေးရေးပန်းချီ များ၊ ရုပ်တုရုပ်ကြွများ၊ ကျောက်စာများနှင့် ခေတ်ပြိုင်စာပေမှတ်တမ်းများ၌ မှတ်တမ်းတင်ကာ ရေးဆွဲ၊ ထုလုပ်၊ ရေးသားဖော်ပြခဲ့ကြသဖြင့် ခေတ်ပြိုင်အထောက်အထား အကြွင်းအကျန်များနှင့် ရှေးဟောင်းသုတေသန တူးဖော်တွေ့ရှိချက်များအရ နောက်လူတို့ ပြန်လည်သိရှိခဲ့ကြရပါသည်။

ပျူခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ

          ပျူခေတ်ကာလကို ရှေးဟောင်းသုတေသနဌာနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ Dating သတ်မှတ်ချက်အရ ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစုအထိ သတ်မှတ်နိုင်ပါသည်။ ပျူမြို့ပြပြည်ရွာများကို စမုံမြစ်ဝှမ်းလွင်ပြင် တစ်လျှောက် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ တကောင်း၊ မိုင်းမော (ပင်လယ်)၊ ဝတီး၊ ဘိန္နက၊ သဲကုန်းနှင့် နေပြည်တော်ဝန်းကျင် စသည်တို့တွင် တွေ့ရှိရပါသည်။

          ပျူခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များကို နံရံပန်းချီ အထောက်အထား များ အနေဖြင့် မတွေ့ရသော်လည်း ပျူခေတ်လက်ရာ ရုပ်တု ရုပ်ကြွများနှင့် ခေတ်ပြိုင် တရုတ် မှတ်တမ်းများအရ ပြန်လည်ဖော်ထုတ် လေ့လာနိုင်ပါသည်။

          တကောင်းခေတ် မောင်ပေါက်ကျိုင်း ခေါ် နဂါးနိုင်မင်း ရာဇဝင်လာ စကားထာ တစ်ခု၌ ရာပေး၍ဆုတ်၊ ထောင်ပေး၍ချုပ်၊ ချစ်သူအရိုး ဆံထိုးလုပ် ဟူ၍ စပ်ဆိုထားရာ ပျူခေတ် အမျိုးသမီးတို့သည် ဆံကောသာထုံးဖွဲ့၍ ဆံထိုးစိုက်ကာ အလှဆင်လေ့ရှိကြောင်း သိရှိရပါသည်။ ထို့အပြင် ခေတ်ပြိုင် ထန်မင်းဆက် တရုတ်မှတ်တမ်း၌ အေဒီ ၈၀၂ ခုနှစ်နှင့် ၈၀၇ ခုနှစ်များတွင် ပျူနိုင်ငံမှ အနုပညာသံအဖွဲ့တစ်ဖွဲ့သည် တရုတ်နိုင်ငံ ချန်အန်းမြို့တော်သို့ သွားရောက်ဖျော်ဖြေခဲ့ ကြောင်းကို အသေးစိတ် မှတ်တမ်းတင်ထားရာ ပျူအနုပညာရှင်များတွင် အမျိုးသမီး ကချေသည် များ  ပါဝင်ကြောင်းနှင့် ပျူကချေသည်  အမျိုးသမီးများ၏ ဆင်ယင်ထုံးဖွဲ့မှုကို  အောက်ပါအတိုင်း အသေးစိတ် ဖော်ပြထားပါသည် –

“… ပျူအကပညာရှင်များသည် ခရုသင်းတစ်ချက်မှုတ်လိုက်သော် ဦးထိပ်သျှောင်ထုံးကို တုန်ခါ၍ ကလိုက်ရာ ဦးထိပ်တွင် ပန်ဆင်ထားသည့် ပုလဲကုံး သို့မဟုတ် ကျောက်မျက်ရတနာကုံးများ သည် ကြယ်တာရာများကဲ့သို့ လင်းလက်သွားကာ၊ ဆင်ယင်ထားသည့် ပန်းကုံးများသည်လည်း မြွေများ တွားသွားသကဲ့သို့ လှုပ်ရှားနေသည့်နှယ် …” ဟု ဖော်ပြထားရာ ပျူအမျိုးသမီး ကချေသည်များ သည် ဦးခေါင်းထိပ်တွင် ဆံပင်ကို ထုံးဖွဲ့ထားကြောင်း၊ ဆံထုံးထက်တွင် ပုလဲနှင့်  ကျောက်မျက် ရတနာများဖြင့် ပြုလုပ်ထားသော ပုတီးကုံးများကို ပတ်ထားကြောင်း၊ ပန်းများကို သီကုံး၍ ပန်ဆင်လေ့ရှိကြောင်း ဖော်ထုတ် သိရှိရပါသည်။

          တစ်ဖန် ဟန်မင်းဆက် အထွေထွေမှတ်စုတွင် –

“… ဝတ်ဆင်ထားသည့် ဝတ်စုံများနှင့် ဦးဗောင်းတို့တွင် ရွှေချူကလေးများ သီချုပ်ထား၍ ခန္ဓာကိုယ် လှုပ်ရှားလိုက်တိုင်း ရွှေချူလေးများက အသံမြည်ကြ၏ …” ဟု ဖော်ပြထားရာ ပျူ အမျိုးသမီး ကချေသည်တို့သည် ဦးခေါင်းထက်တွင် ရွှေချူများ တပ်ဆင်ထားသော ဦးသျှောင် ခေါင်းဆောင်းများကို ဆောင်းလေ့ရှိကြောင်းလဲ တွေ့ရပါသည်။

          ဟန်လင်းမြို့ဟောင်းမှ တွေ့ရှိရသော ပူဇော်ကန်တော့နေဟန် ပျူရုပ်ကြွများပါရှိသည့် ကျောက်ချပ်ကြီးနှင့် သရေခေတ္တရာမြို့ဟောင်း H.M.A– 8 တူးဖော်မှုမှ တွေ့ရှိရသော ပျူကချေ သည် ၅ ယောက်ရုပ်တုနှင့် ရွှေတံခါး မြို့ဝင်ပေါက်မှ ရရှိသော တာရာဒေဝီရုပ်တု၊ ညောင်နီပင် ကုန်းမှ ရရှိသော လက္ချမီးမယ်တော်ရုပ်တု တို့တွင် ပျူအမျိုးသမီးတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု အထောက်အထားများကို တွေ့ရှိရပါသည်။

၎င်းရုပ်တု ရုပ်ကြွများကို လေ့လာကြည့်ပါက ပျူခေတ် အမျိုးသမီးများသည် ဦးခေါင်း ထိပ် အလယ်တွင် ဆံပင်ကို တစ်ဆင့်၊ နှစ်ဆင့်၊ သုံးဆင့် ရစ်ခွေထုံးဖွဲ့၍လည်းကောင်း၊  အချို့မှာ ဆံထုံးအထက်တွင် ပုတီးကုံးများကို ပတ်၍လည်းကောင်း၊ ဆံထိုးများထိုးစိုက်၍ လည်းကောင်း၊ အချို့မှာ ဦးသျှောင်ခေါင်းဆောင်းများကို ဆောင်းထားလေ့ရှိကြောင်းကို တွေ့ရပါသည်။

ပျူခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့ဟန်ကို ပုံဖော်ရပါက သာမန်အရပ်သူများ သည် ဦးခေါင်းထိပ်အလယ်တွင် ဆံပင်ကို ရစ်ခွေထုံးဖွဲ့ကြပြီး ပုတီးကုံးများပတ်ခြင်း၊ ပန်းများ သီ၍ပန်ဆင်ခြင်း၊ ဆံထိုးများ ထိုးစိုက်အလှဆင်ခြင်းများကို ပြုလုပ်ကြပြီး၊ အထက်တန်းလွှာမှ အမျိုးသမီးများနှင့် ကချေသည်များမှာ ဆံထိုးများနှင့် ကျောက်မျက်ရတနာပုတီးကုံးများဖြင့် ထိုးစိုက်  အလှဆင်ခြင်း၊  ဆံထုံးအထက်တွင်  ဦးသျှောင်ခေါင်းဆောင်းများ  ဆောင်းခြင်း  တို့ဖြင့် ဆံကေသာ ထုံးဖွဲ့အလှပြင်ဆင်လေ့ရှိကြောင်း ခေတ်ပြိုင်စာပေမှတ်တမ်းများနှင့် ရုပ်တု ရုပ်ကြွ များမှ တစ်ဆင့် ဖော်ထုတ်နိုင်ပေသည်။

တင်လတ်ယု (ယဉ်ကျေးမှု)

          ဆက်လက်ဖော်ပြပါမည်။