၂၆ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာဝန်ကြီးများ အစည်းအဝေး

           ၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံက ကြီးမှူးကျင်းပ ပြုလုပ်သည့် အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် မြန်မာစံတော်ချိန် ၀၈ဝဝ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

           အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာဝန်ကြီး ဖြစ်သူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်၍ ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီး  ဦးအောင်မြင့်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၊ နေပြည်တော်မှ ပါဝင်တက်ရောက်ကြပါသည်။

           အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး H.E. Dato Haji Aminuddin က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အာဆီယံ ဥက္ကဌ တာဝန် ယူစဉ် ၂၀၂၁ ခုနှစ်အတွင်း ချမှတ်ထားသော Theme ဖြစ်သည့် We Care, We Prepare, We Prosper ဟူသည့် ဆောင်ပုဒ်နှင့်အညီ အာဆီယံပြည်သူများအကြား ဒေသတွင်း ရင်ဆိုင်နေသည့် စိန်ခေါ်မှု များနှင့် ကွာဟချက်များကို အာဆီယံလူမှု​ရေး-ယဉ်ကျေးမှုအသိုက်အဝန်းရှိ အစုအဖွဲ့များက အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ကြသကဲ့သို့ ဆက်လက်၍လည်း တားဆီးကာကွယ်ရေးဆိုင်ရာ ယဉ်ကျေးမှု(Culture of Prevention-CoP)နှင့် အာဆီယံဆိုင်ရာ အတွေးအမြင်များ၊ ကြံ့ကြံ့ခံနိုင်မှု ရှိခြင်းနှင့် အပြန်အလှန် နားလည်မှုများကို မြှင့်တင်စေရေး အာဆီယံ မဟာဗျူဟာ မူဝါဒဆိုင်ရာ မူဘောင်တို့ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု အား‌ကောင်းစေရေးနှင့် အောင်မြင်မှုရရှိနိုင်ရေး တက်ညီ လက်ညီဖြင့် ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ဆောင်ရန် လိုအပ်ပါကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် H.E. Mrs. Hajah Nor Ashikin Binti Haji Johari က ၃၁ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အဆင့် အစည်းအဝေးဆိုင်ရာ အစီရင်ခံစာကို တင်ပြခဲ့ပါသည်။

          အစည်းအဝေးတွင် အာဆီယံ လူမှုရေး – ယဉ်ကျေးမှုအသိုက်အဝန်း၏ ဆောင်ရွက်လျက် ရှိသည့် ရှိရင်းစွဲလုပ်ငန်းများကို ဆန်းသစ်နိုင်ရေး၊ အာဆီယံမဏ္ဍိုင် ၃ ရပ် အချင်းချင်း ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစေရေး ရည်မှန်း၍ အာဆီယံ၏ အနာဂါတ် ပြင်ဆင်ထားရှိနိုင်ရေး၊ အာဆီယံဒေသအတွင်း ရေရှည်ကြွယ်ဝပြည့်စုံမှု တိုးတက်မြင့်မားစေရေးနှင့် အာဆီယံပြည်သူများ အားလုံး၏ ကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အခွင့်အလမ်းများ ဖန်တီးနိုင် ရေးစသည့် မျှော်မှန်းချက်များနှင့်အညီ အာဆီယံ၏ အရေးပေါ်အခြေအနေများနှင့် သဘာဝဘေး အန္တရာယ်များ တုံ့ပြန်မှုများကို ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်မည့် ဘန်ဒါဆရီဘီဂါဝန် ကြေညာချက် (Bandar Seri Begawan Declaration)၊  ၂၀၂၅ အလွန် အာဆီယံ အသိုက်အဝန်း အခြေပြမြေပုံအတွက် အာဆီယံအသိုက်အဝန်း ရည်မှန်းချက်အရ အာဆီယံလူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းရှိ လုပ်ငန်းအစုအဖွဲ့များ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်း၍ လုပ်ငန်းစဉ်များ တိုးတက်ရေး အားကောင်းစေရန်အတွက် ရည်မှန်းသည့်  ဟနွိုင်းကြေညာချက်(Ha Noi Declaration) အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြပါသည်။

          ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အာဆီယံဥက္ကဌတာဝန်ယူစဉ် ၂၀၂၁ ခုနှစ်အတွင်း ဦးစားပေးနယ်ပယ် များဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ထူထောင်နိုင်ရေးနှင့် နည်းပညာ ဆိုင်ရာ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့အပြင် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများကို ဖြေရှင်းရေး၊ ဒစ်ဂျစ်တယ်နည်းပညာများနှင့် သတင်းအချက်အလက်ဆက်သွယ်ရေးအသုံးချမှု ပိုမို မြင့်မားနိုင်ရေး စသည့်လုပ်ငန်းစဉ်များပါဝင်သော Care Economy ဆိုင်ရာမူဘောင်၊ အာဆီယံပြည်သူ များအကြား ဒေသဆိုင်ရာအတွေးအမြင်များ၊ ကြံ့ကြံ့ခံနိုင်မှုရှိခြင်းနှင့် အပြန်အလှန် နားလည်မှုများကို မြှင့်တင်စေရေး အာဆီယံ-မဟာဗျူဟာမူဘောင်တို့ကို ဆွေးနွေးကြပါသည်။

           ဆက်လက်၍ လူငယ်များကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သတင်းအချက်အလက် နှင့် သတင်းမီဒီယာများမှတစ်ဆင့် ယဉ်ကျေးမှု နှင့် ငြိမ်းချမ်းရေး ဖန်တီးတည်ဆောက်ခြင်းကဏ္ဍတို့ကို မြှင့်တင်ပေးရေး၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံတွင် အာဆီယံဒေသတွင်း ရာသီဥတုပြောင်းလဲမှုစင်တာ (ASEAN Climate Change Centre)တည်ထောင်ခြင်းအတွက် လုပ်ဆောင်နေသည့် ဒေသတွင်းစီမံချက်များ အသီးသီးတွင် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း၏အစုအဖွဲ့များက ဆောင်ရွက်ချက်များ အောင်မြင်မှုရရှိရေး၊ ဆင်းရဲမွဲတေမှုပပျောက်ရေး၊ ကျား/မတန်းတူဖော်ဆောင်ရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်း၊ အားကစား၊  လူငယ်ဖွံ့ဖြိုးရေးနှင့် သတင်းအချက်အလက် အသိပညာပေးရေးစသည့် လုပ်ငန်းစဉ်များ ပါဝင်သည့် ပူးတွဲကြေညာချက်(Joint Statement )ကို အတည်ပြုခဲ့ကြပါသည်။

           ထို့နောက် ၃၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တင်သွင်းရန် အတည်ပြုမည့် မှတ်တမ်းမှတ်ရာ ၇ ခု၊ မှတ်တမ်းတင်မည့် မှတ်တမ်းမှတ်ရာ ၁၉ ခု နှင့် ၂၄ ကြိမ်မြောက် အာဆီယံ အပေါင်းသုံးထိပ်သီးအစည်းအဝေးသို့ တင်ပြရန် အတည်ပြုမည့် မှတ်တမ်းမှတ်ရာ ၁ ခု နှင့် ၁၆ ကြိမ် မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တင်ပြရန် အတည်ပြုမည့် မှတ်တမ်းမှတ်ရာ ၁ ခု  စသည့် လုပ်ငန်းစဉ်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၁ ခုနှစ်၌ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် ရသည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ ကြိုးပမ်းမှုများနှင့် အောင်မြင်မှုများအတွက် ဂုဏ်ယူပါကြောင်း၊ စည်းလုံးညီညွတ်ပြီး တုံ့ပြန်မှုအားကောင်းသော အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး ၌ မြန်မာနိုင်ငံက ဆက်လက်ပါဝင်ကူညီသွားမည်ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ကာကွယ် ဆေး ထိုးနှံပေးမှုအနေဖြင့် အသက် ၁၈ နှစ်အထက်အတွက် ထိုးနှံရမည့်အကြိမ်ရေစုစုပေါင်း ၆၈ သန်း ဖြစ်ရာ ၇.၅သန်း ထိုးနှံခဲ့ပြီးဖြစ်ပါ၍ လူဦး‌ရေ၏ ၇ ရာခိုင်နှုန်းအား အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ပါကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လွှမ်းခြုံမှု ၅၀ ရာခိုင်နှုန်း ရရှိစေရေး မျှော်မှန်း၍ ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများကို အာဆီယံအပါအဝင် ဆွေးနွေးဖက်နိုင်ငံအသီးသီးမှ ပေးပို့လှူဒါန်းမှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအတွက် အာဆီယံ ယဉ်ကျေးမှု နှင့်အနုပညာဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးမူဘောင်နှင့် ရလဒ်များ တိုင်းတာမှုတို့ ဆောင်ရွက်နိုင်ရေး နည်းပညာအကူ အညီများနှင့် သင်တန်းများပို့ချမှုတို့အတွက် ပံ့ပိုးပေးသည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံ အား ကြိုဆိုဂုဏ်ပြုပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။