“ရွှေမြန်မာအငြိမ့် လေ့ကျင့်ဇာတ်တိုက်နေမှု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး စစ်ဆေးကြည့်ရှု”

နေပြည်တော် အောက်တိုဘာလ ၁ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ မွန်းလွှဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ရှိ အနုပညာဦးစီးဌာန လေ့ကျင့်ရေးဇာတ်ရုံ၌ “ရွှေမြန်မာ” အငြိမ့် ဇာတ်တိုက်လေ့ကျင့်မှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့ပါသည်။

အနုပညာဦးစီးဌာနသည် ရိုးရာယဉ်ကျေးမှု အနုသုခုမအမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ် 19 ကာလအတွင်း အများပြည်သူများ စိတ်အပန်းပြေစေရန် မြန်မာ့ရိုးရာယဉ်ကျေးမှုများကိုအခြေခံသည့် ဖျော်ဖြေရေးအစီအစဉ်များကို ဖော်ထုတ်ပြသရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

ဇာတ်တိုက်လေ့ကျင့်လျက်ရှိသော အငြိမ့်အဖွဲ့ကို အားပေးကြည့်ရှုအပြီးတွင် ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက အေဒီ-၂ ရာစု ပျူခေတ်ကတည်းကပင် အခိုင်အမာရှိခဲ့ပြီးဖြစ်သော မြန်မာ့ အနုသုခုမနယ်ပယ်တွင် အငြိမ့်သဘင်သည် ငြိမ့်ညောင်းစွာ သီဆိုတီးမှုတ်ကပြခြင်းဖြင့်အတူ ပေါက်ဖွားသန္ဓေတည်ခဲ့ကြောင်း၊ အင်းဝခေတ်တွင် စာပေအထောက်အထားများအရ “အငြိမ့်” ဟူသည့်ဝေါဟာရ ပေါ်လွင်တွင်ကျယ်ခဲ့ကြောင်း၊ မြန်မာ့သမိုင်းမှတ်တမ်းများအရ ကုန်းဘောင်ခေတ် တွင် ထွန်းကားခဲ့သော အငြိမ့်သဘင်သည် 1885 ခုနှစ် နှောင်းပိုင်းကာလများတွင် အဆို၊ အတီး၊ အက သာမက လူရွှင်တော်များ၏ ဟာသရသ ပညာရပ်များဖြင့် ပိုမို၍ အင်္ဂါရပ်ပြည့်စုံခဲ့ကြောင်း၊ အငြိမ့်သဘင်သည် မြို့ပြကျေးလက်ဒေသမရွေး ပျံ့နှံ့အောင်မြင်ခဲ့သော သဘင်မှုအနုပညာတစ်ရပ် ဖြစ်ကြောင်း၊ မြန်မာ့အငြိမ့်သဘင်သမိုင်းတွင် 1995 ခုနှစ်က အစပြုကျင်းပခဲ့သော “မြဝတီအငြိမ့် ပြိုင်ပွဲ” သည် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သဖြင့် အငြိမ့်အပါအဝင် ဇာတ်တော်ကြီးများ၊ ယိမ်းအကများ ကို ဆက်လက်ဖော်ထုတ်လေ့ကျင့်၍ အများပြည်သူကို ဖျော်ဖြေတင်ဆက်နိုင်ရေး ဆက်လက် ကြိုးစားဆောင်ရွက်ရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန် ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးက လေ့ကျင့်ဇာတ်တိုက်နေသော “ရွှေမြန်မာ” အငြိမ့်အဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေ ဆယ်သိန်း  ပေးအပ်ခဲ့သည်။

 “ရွှေမြန်မာ” အငြိမ့်တွင် ခေါင်းဆောင်မင်းသမီး ဇာနည်အောင်၊ ရှေ့ထွက်မင်းသမီး မာလာမြင့်အောင်တို့နှင့်အတူ လူရွှင်တော်များဖြစ်ကြသည့် ဝမ်းတူး၊ အာပြဲ၊ ရောင်နီနှင့် လမုန့်တို့က ပါဝင်၍ အငြိမ့်သမားစဉ်တေးသီချင်းများကို စာရေးဆရာ ချစ်စုအောင်နှင့် ရွာစား အောင်ဝမ်းတူး တို့က ရေးဖွဲ့တေးသီပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။