လောကနန္ဒာစွယ်တော်မြတ်စေတီနှင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တို့ကို မြစ်ရေတိုက်စားမှုမှကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ လောကနန္ဒာစွယ်တော်မြတ်စေတီနှင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တို့ကို မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ လောကနတ်ခန်းမ၌ ၁၄-၁၀-၂၀၂၁ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမင်းမင်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

              ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လောကနန္ဒာစွယ်တော်မြတ်စေတီသည် ဧရာဝတီမြစ်ကမ်းဘေး၌ တည်ရှိပြီး အေဒီ(၁၁)ရာစုတွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် စေတီဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆင့်သတ်မှတ်ချက် အဆင့်-၁ (Grade One) အဆင့်ရှိသော စေတီတစ်ဆူဖြစ်ပါကြောင်း၊ ၁၉၇၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် လှုပ်ခတ်ခဲ့သော ငလျင်များကြောင့် ထိခိုက်မှုများရှိခဲ့သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရှေးမူမပျက် ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း၊

              နှစ်စဉ်ဧရာဝတီမြစ်ရေတိုက်စားကာ မြစ်ကမ်းပါးများ ပြိုကျပျက်စီးမှုရှိခဲ့သောကြောင့် လောကနန္ဒာ စွယ်တော်မြတ်စေတီတော်၏ အောက်ခြေမြစ်ကမ်းပါးများကို ၁၉၉၆ ခုနှစ်တွင် သံဇကာလုံးအတွင်း ကျောက်ကြီးများဖြည့် ကာကွယ်ခြင်း(Stone Sausage)၊ ၂၀၀၃ ခုနှစ်တွင် Willo Matress အခြေပြု Steel Basket အတွင်း ကျောက်ကြီးများဖြည့်၍ ထိန်းသိမ်းခြင်းတို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ Budget ခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာငွေဖြင့် Geo-bag အခြေပြု ကွန်ကရစ် Slab ၉ လက်မထုဖြင့် ကမ်းပါးထိန်းသိမ်းခြင်း၊ ထန်းလုံးတိုင်များဖြင့် ရေကာတာ တည်ဆောက်ခြင်းနှင့် ထန်းလုံးတိုင်များဖြင့် ကမ်းပါးထိန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါကြောင်း၊

              လောကနန္ဒာစွယ်တော်မြတ်စေတီ အထက်ပစ္စယာ၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် စသည့် အရပ် ၄ မျက်နှာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၇-၄-၂၀၁၉ ရက်နေ့၌ ရေချိန်များတပ်ဆင်၍ အဆိုပါရေချိန်အကဲဖြတ်မှုဖြင့် အမြဲမပြတ် စောင့်ကြည့်မှတ်တမ်း တင်လျက်ရှိကြောင်း၊ ၉-၁၀-၂၀၂၁ ရက်နေ့က မိမိသွားရောက်စစ်ဆေးရာတွင် စေတီနှင့် စေတီ ရင်ပြင်တို့၏ အနောက်တောင်ဘက်သည် အနည်းငယ်နိမ့်သွားသည်ကို အဆိုပါရေချိန်အရ စစ်ဆေး တွေ့ရှိရပါကြောင်း၊ စေတီပရဝုဏ်ရှိ ဧရာဝတီမြစ်ကမ်းကို သွားရောက်စစ်ဆေးရာတွင်လည်း ဧရာဝတီမြစ်ရေသည် အဆိုပါ ကမ်းပါးကိုပါ တိုက်စားလျက်ရှိသည်ကို တွေ့ရှိပါကြောင်း၊

              မြစ်ရေတိုက်စားမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ဦးစားပေးအနေဖြင့် အလျားပေ(၁၀၀၀)ခန့်ကို ကွန်ကရစ်ပိုင် အခြေပြုကျောက်စီမြေထိန်းနံရံ (ကွန်ကရစ်ပြားကပ်) တမံ ပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ခန့်မှန်းကုန်ကျစရိတ်များ တွက်ချက်ထားသည်ကို သိရှိရပါ ကြောင်း၊

              မြစ်ရေတိုက်စားမှုကို အချိန်မီထိန်းသိမ်းနိုင်ခြင်းမရှိပါက လောကနန္ဒာစွယ်တော်မြတ် စေတီကို ထိခိုက်နိုင်သည့်အပြင် စေတီပရဝုဏ်နှင့်တစ်ဆက်တည်းရှိနေသည့် လောကနန္ဒာဘေးမဲ့တော ဥယျာဉ်ကိုပါ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်လာနိုင်ပါကြောင်း၊ မြစ်ရေကျဆင်းချိန်ဖြစ်သည့် ယခုနှစ် ပွင့်လင်းရာသီအတွင်း မြစ်ကမ်းပါး ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြီးစီးအောင် ဆောလျင်စွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

              ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  လောကနန္ဒာ စွယ်တော်မြတ်စေတီနှင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တို့ကို မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။           ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသော ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် တာဝန်ရှိသူများက မိမိတို့ဌာနအလိုက်  ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်ရာတွင် လောကနန္ဒာစွယ်တော်မြတ်စေတီ၏ ထည်ဝါခန့်ညားမှုနှင့် မူလရှေးဟောင်းသွင်ပြင်လက္ခဏာများ မထိခိုက်စေရေး၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ်၏ ဇီဝမျိုးစုံ၊ မျိုးကွဲ သားငှက်တိရစ္ဆာန်များနှင့် ရေတိမ်ဒေသထိန်းသိမ်းထားမှုများ မထိခိုက်စေရေးတို့အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားပြီး အစည်းအ‌ဝေးကို (၁၁:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။