(၁၇)ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ The 17th SOMCA & Related Dialogue Partners Meetings

၁။      (၁၇)ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး(17th SOMCA) နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၁ ခုနှစ် အောက်တိုဘာ လ ၂၀ ရက်နေ့ တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် မြန်မာစံတော်ချိန် ၀၈ ၀၀ နာရီ မှ ၁၆ ၀၀ နာရီ အထိ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံ ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မြင့်၊ အာဆီယံအပေါင်းသုံး ဆွေးနွေးဖက် နိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့်ကိုရီးယားသမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက် ရောက်ခဲ့ပါသည်။

၂။       အစည်းအဝေးတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ၊ ယဉ်ကျေးမှုနှင့် ဆန်းသစ် တီထွင်မှုဆိုင်ရာ စီးပွားရေး (Creative Economy) ကို ပံ့ပိုးနိုင်ရန် ဆန်းသစ်တီထွင်နိုင်ပြီး လိုက်လျောညီထွေ ဆောင်ရွက် နိုင်သည့် အာဆီယံ အသိုက်အဝန်းတစ်ရပ် မြှင့်တင်ရေး Siem Reap ကြေညာစာတမ်း၊ ယဉ်ကျေးမှုနှင့် ဆန်းသစ် တီထွင်မှုဆိုင်ရာ လုပ်ငန်းများ (Creative Industries) အတွက် အာဆီယံစင်တာ(ACCCI)၊ အာဆီယံယဉ်ကျေးမှုအမွေအနှစ်စာရင်း၊ Creative Economy နှင့်ပတ်သက်သည့် အာဆီယံ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ အာဆီယံယဉ်ကျေးမှုမြို့တော်၊ ၂၀၂၀-၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် အာဆီယံယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်များ၊ အာဆီယံ-အိန္ဒိယ ယဉ်ကျေးမှုဆောင်ရွက်ချက်များအား ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

၃။      ဆက်လက်၍ ၁၃ ကြိမ်မြောက် SOMCA အပေါင်းသုံး (13th  SOMCA+3) အစည်း အဝေး၊ ၉ ကြိမ်မြောက် SOMCA+တရုတ် (9th SOMCA+China) အစည်းအဝေး၊ ၈ ကြိမ် မြောက် SOMCA+ ဂျပန် (8th SOMCA+Japan) အစည်းအဝေးနှင့် ၈ ကြိမ်မြောက် SOMCA + ကိုရီးယားသမ္မတနိုင်ငံ (8th SOMCA+ROK) အစည်းအဝေးတို့အား ကျင်းပခဲ့ပါသည်။

၄။      အစည်းအဝေးအစီအစဉ်အရ အာဆီယံဆွေးနွေးဖက်နိုင်ငံများအလိုက် ကိုယ်စားလှယ် များက ယဉ်ကျေးမှုနှင့်အနုပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုများ၊ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း စီမံချက်များအား ဆက်လက်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ၁၆ ၀၀ နာရီ အချိန်တွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။