ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ အပိုင်း(၂)

တင်လတ်ယု (ယဉ်ကျေးမှု)

ပုဂံခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ

ပုဂံခေတ်ကို အေဒီ ၁၀ ရာစုမှ အေဒီ ၁၃ ရာစုအထိ သတ်မှတ်ထားပါသည်။ ပုဂံခေတ် အထောက်အထားများကို ပုဂံ၊ ညောင်ဦး၊ ပခုက္ကူ၊ ချောက်၊ စလေ၊ စလယ် စသည့် ဒေသများရှိ ဘုရား၊ စေတီ၊ ဂူ၊ ပုထိုးများတွင် အများဆုံး တွေ့ရှိရပါသည်။

          ပုဂံခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များကို နံရံပန်းချီ အထောက်အထား များ၊ ရုပ်တု ရုပ်ကြွများနှင့် စာပေမှတ်တမ်းများအရ ပြန်လည်ဖော်ထုတ် လေ့လာနိုင်ပါသည်။

          ထို့အပြင် ပုဂံခေတ်၌ ဆံထုံးထုံးနည်း ၅၅ နည်း ရှိခဲ့သည့်အကြောင်းကို တောင်ငူဘုရင် မဟာဓမ္မရာဇာမင်း၏ ကိုယ်လုပ်တော်ဖြစ်ခဲ့သူ ဘိုးတော်ဘုရား လက်ထက်တွင် အင်းဝနန်းတွင်း စာဆိုတော် ဖြစ်လာသော ရဝေရှင်ထွေးက မြန်မာသက္ကရာဇ် ၉၆၇- ၉၉၀ (အေဒီ ၁၆၀၅- ၁၆၂၈) တွင် အန်ချင်း တစ်ပုဒ်တွင် အောက်ပါအတိုင်းရေးဖွဲ့ စပ်ဆိုခဲ့ပါသည်-

“အစောတို့လေ၊ ရတနာတွေ၊ ရွှေမိုးစွေ၍၊ သပြေမည်ခံ၊ ပြည်ပုဂံဝယ်၊ နိုင်ငံကျယ်ပြော၊ ရှေးမင်း စောတို့၊ မနောဇမ္ဗူ၊ ခံတော်မူသည်၊ မြိတ်ဖြူ၊ မြိတ်စို့၊ သွယ်ညှို့မြိတ်လွတ်၊ ရစ်ပတ်စုလည်း၊ ရော့ရည်းထုံးဖွဲ့၊ တုမဲ့ရွှေရောင်၊ တိမ်တောင်တက်သက်၊ လျှပ်စစ်ပြက်သို့၊ စဝှက်ရောင်ပြေး၊ နှင်းသွေးမစို့၊ ကြာညို့ဝတ်ဆံ၊ ဓူဝံနှိုင်းရှည့်၊ ရှုကြည့်မငြီး၊ ဦးပြီးရွှင်ပျော်၊ ဇင်ယော်တန်းဝဲ၊ ပုလဲ ကိုးလုံး၊ ဂမုန်းငုံအာ၊ လေသာဝေ့လည်၊ မြူခြည်ပတင်၊ ယကင်ထုံးတုံး၊ လုံးတင်ခရုချောင်၊ ထုံးချောင်၊ ထုံးကြောင်၊ ထုံးကြား၊ ငါးပါးမြိတ်စို့၊ အောင်မျှို့နိမိတ်၊ မြိတ်ရစ်လှပ၊ ကရဝိတ်နှုတ်သီး၊ ဆိတ်သမီးနှင့်၊ ပြန်ပြီးဆယ်ထွေ၊ နေအရုဏ်ခံ၊ ညဉ့်ယံသောက်ရှူး၊ တိမ်ဦးနဂါး၊ လေးပါးရာသီ၊ နှိုင်းပြီးစံလွတ်၊ နဂါးပတ်ကြော့ကွင်း၊ နန်းတွင်းမဉ္ဇူ၊ ထွက်ပြူမုတ်ဝ၊ ပဒုမသိဒ္ဓိ၊ မဏိကိုးပါး၊ ချယားပွင့်သေး၊ ယုန်ရေးလဝယ်၊ နေလယ်ဥဒေါင်း၊ သုံးချောင်းခြူးရှက်၊ စဝှက်ရောင်ချော၊ သင်္ဘောတမ်းခွန်၊ အနန္တဖုသျှ၊ မောရဂီဝါ၊ ဟင်္သာစာခွံ့၊ ထုံးအံ့တကွင်း၊ ပုဇင်းတောင်ဖြန့်၊ သည်းညွန့်လက်သင်၊ ကွမ်းလျှင်၊ နောက်တွဲ၊ မုတ္တာရွဲနှင့်၊ ပုလဲကွန်ချာ၊ ရတနာမဏ္ဍိုင်၊ ပွင့်ဆိုင် ပုဏ္ဏရိတ်၊ နဂါးအိတ်လေးထောင့်၊ ရှစ်မြှောင့်၊ ပြန်ကာဘက်၊ ပန်းရှက်ခေါင်ဗွေ၊ နန်းလုံးဝေမျှ၊ မြင်ကစံကျော်၊ နှိုင်းမမြှော်ကို၊ လွမ်းတော်မမူ လှည့်ပြီလော၊ ဘော်ချင်းတို့လေး၊ ဘော်ချင်းတို့။ ။”

          အထက်ပါ အန်ချင်းမှတစ်ဆင့် ပုဂံခေတ်တွင် ထုံးဖွဲ့ခဲ့သောဆံထုံး ၅၅ မျိုးကို အောက်ပါ အတိုင်း ဖော်ထုတ် မှတ်တမ်းတင်နိုင်ခဲ့ပါသည် –

“မြိတ်ဖြူ၊ မြိတ်စို့၊ မြိတ်လွတ်၊ စုလည်း၊ ရရည်း၊ တိမ်တောင်တက်၊ တိမ်တောင်သက်၊ စဝှက်၊ ကြာညှို့ဝတ်ဆံ၊ ဓူဝံ၊ ဦးပြီးပျော်ရွှင်၊ စင်ရော်တန်းဝဲ၊ ပုလဲကိုးလုံး၊ ဂမုန်းမုံအာ၊ မြုခြည်မတင်၊ ယကင်၊ ခရုချောင်၊ ထုံးချောင်၊ ထုံးကြား၊ ငါးပါးမြိတ်စို့၊ အောင်မျှို့တံဆိပ်၊ ကရဝိတ်နှုတ်သီး၊ ဆိတ်သမီး၊ ပြန်ပြီးငါးထွေ၊ နေအာရုံခံ၊ သောက်ရှူး၊ တိမ်ဦးနဂါး၊ လေးပါးရာသီ၊ စံလွတ်၊ နဂါးပတ် ကြော့ ကွင်း၊ နန်းတွင်းမဉ္ဇူ၊ ထွက်ပြူမုတ်ဝ၊ ပဒုမသိဒ္ဓိ၊ မဏိကိုးပါး၊ ချယားပွင့်သေး၊ ယုန်ရေးလလယ်၊ နေလယ်ဥဒေါင်း၊ သုံးချောင်းခြူးရှက်၊ စဝှက်၊ ရောင်ချော၊ သင်္ဘောတံခွန်၊ အနန္တဖုသျှ၊ မောရဂီဝါ၊ ဟင်္သာစာခွံ့၊ ပုဇင်းတောင်ဖြန့်၊ သေးညွန့်လက်သင်၊ ကွမ်းလင်နောက်တွဲ၊ မုတ္တာရွဲ၊ ပုလဲကွန်ခြာ၊ ရတနာမဏ္ဍိုင်၊ ပွင့်ဆိုင်ပုဏ္ဏရိတ်၊ နဂ္ဂဟိတ်လေးထောင့်၊ ရှစ်မြှောင့်၊ ပြန်ကာပက်”

          ဖက်လိပ်ဘုရားများ၊ ပုထိုးသားများဘုရား၊ အာနန္ဒာဘုရား၊ လောကထိပ်ပန်ဘုရား၊ နဂါးရုံ ဘုရား၊ ကျန်စစ်သားဥမင်၊ အပယ်ရတနာဘုရား၊ သဒ္ဒမ္မရံသီဘုရား၊ သကျမုနိဘုရား၊ ရှင်ပင်စာ ကြိုဘုရား၊ နန္ဒမညာဘုရား၊ ဝက်ကြီးအင်းဂူပြောက်ကြီး၊ မြင်းကပါ ဂူပြောက်ကြီး၊ ဘုရားသုံးဆူ စသည့် ဘုရားများမှ ခေတ်ပြိုင် အထောက်အထား မှတ်တမ်းများ ဖြစ်သည့် နံရံဆေးရေးပန်းချီ နှင့် ရုပ်တုရုပ်ကြွများကို လေ့လာဖော်ထုတ်ရာတွင် ပုဂံခေတ် အမျိုးသမီးများ၏ ဝတ်စား ဆင်ယင်မှုများနှင့်အတူ လူတန်းစားအလွှာစုံမှ အမျိုးသမီးများ၏ ဆံကေသာထုံးဖွဲ့မှု များကို ဖော်ထုတ် တွေ့ရှိရပါသည်။

ပုဂံခေတ် နံရံဆေးရေးပန်းချီနှင့် ရုပ်တုရုပ်ကြွများမှတစ်ဆင့် ပုဂံခေတ် အမျိုးသမီးများ သည် ယျေဘုယျအားဖြင့် နောက်တွဲဆံထုံးပုံစံနှင့် ဦးခေါင်းထိပ်တွင် စုစည်းထုံးဖွဲ့သည့်ပုံစံ ဟူ၍ ၂ မျိုးကို ဖော်ထုတ်နိုင်ခဲ့ပါသည်။ ဆံထုံးအဆင်တန်ဆာများ အနေဖြင့်လည်း သာမန်အရပ်သူတို့ သည် ဆံထုံးကို အဝတ်ဖြင့် ရစ်ပတ်နှောင်ဖွဲ့၍လည်းကောင်း၊ အထက်တန်းလွှာများ၊ နန်းတွင်းသူ များနှင့် ကချေသည်များသည် လှပဆန်းကျယ်စွာ ဖန်တီးပြုလုပ်ထားသည့် ဦးသျှောင်ခေါင်း ဆောင်းများ၊ နဖူးစည်းသင်းကျစ်များ၊ ပုလဲကုံးများ၊ ဆံညှပ်များ၊ ဆံထိုး၊ ဘီးများကို တပ်ဆင်၍ ဦးခေါင်းကို တန်ဆာဆင်လေ့ ရှိသည်ကို တွေ့ရပါသည်။ ထူးခြားချက်အနေဖြင့် ပုဂံခေတ် နံရံ ဆေးရေးပန်းချီများတွင် ရေးဆွဲထားသည့် အမျိုးသမီး ပုံရိပ်များအားလုံးတွင် ဦးခေါင်း၌ ပန်းများ ပန်ဆင်ထားသည့် ပုံစံမျိုး မတွေ့ရှိရခြင်းပင် ဖြစ်ပါသည်။ သို့သော် ပုဂံခေတ်ကျောက်စာအချို့ တွင် ဖော်ပြထားသည့် မိဖုရားဘွဲ့အမည် တစ်ခုတွင် ဝဋ္ဋံသကာဒေဝီ (ဦးဆောက်ပန်း) ဘွဲ့ ပေးခဲ့ သည်ကို တွေ့ရသဖြင့် ပန်းကို အမြတ်တနိုး တန်ဖိုးထားသည်ကို တွေ့ရသဖြင့် ပုဂံခေတ်တွင် ပန်းများ ပန်ဆင်သည့် ဓလေ့ ရှိခြင်း၊ မရှိခြင်းကို ဆက်လက်၍ လေ့လာရပေဦးမည် ဖြစ်ပါသည်။ နံရံဆေးရေးပန်းချီများမှ ဆံထုံးပုံစံများနှင့် ရဝေရှင်ထွေး ရေးစပ်ခဲ့သော အန်ချင်းမှ ဆံထုံးများ မှာ မတူကွဲပြားနေသည်ကို တွေ့ရပေသည်။ မြင်းကပါဂူပြောက်ကြီးရှိ နံရံပန်းချီတွင် အမျိုးသမီး က အမျိုးသားအား ဆံထုံး ထုံးပေးနေသည်ကို ထူးခြားစွာ လေ့လာတွေ့ရှိရပါသည်။

ဆက်လက်ဖော်ပြပါမည်။