ပြတိုက်များသည် အများပြည်သူအားပညာရပ်များ ဖြန့်ဖြူးပေးခြင်းဖြင့် ယဉ်ကျေးမှု အသိစိတ်ဓာတ်များ ပေါ်ပေါက်ခိုင်မာလာစေခြင်း၊ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်စေလိုသည့် စိတ်ဓာတ်များပေါ်ပေါက်လာစေခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားမှုတို့ကို သိမြင်လာနိုင်စေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖွင့်လှစ်လျက်ရှိကြပါသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ကုန်ပိုင်းမှစတင်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ အမျိုးသား ပြတိုက်များအပါအဝင် ပြတိုက်များအားလုံးနှင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများရှိ ဇုန်ဝင်ကြေး ကောက်ခံသည့်ဂိတ်များကို (၂၅-၃-၂၀၂၀) ရက်နေ့မှစ၍ ပိတ်ထားခဲ့ပါသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါပျံ့ပွားမှု ထိုက်သင့်သလောက် ကျဆင်းလာပြီဖြစ်သည့်အတွက် အမျိုးသားပြတိုက်(နေပြည်တော်/ရန်ကုန်)၊ ယဉ်ကျေးမှုပြတိုက် များ၊ ရှေးဟောင်းသုတေသနပြတိုက်များအပါအဝင် ပြတိုက်များအားလုံးကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ နေ့စဉ်နံနက်(၀၉:၃၀)နာရီမှ ညနေ(၄:၃၀)နာရီထိ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဇုန်ဝင်ကြေးကောက်ခံသည့် ဂိတ်များကိုလည်း (၁-၁၁-၂၀၂၁)ရက်နေ့မှစ၍ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။