သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့(၁/၂၀၂၁) အစည်းအဝေး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ကျင်းပပြုလုပ်သည့် မဟာဂီတသီချင်းကြီးများစိစစ်ရေး၊ ဂီတသင်္ကေတမှတ်တမ်းပြုစုရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အစည်းအဝေးများသို့ တက်ရောက်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့(၁/၂၀၂၁)အစည်းအဝေးကို ယနေ့နံနက်(၉:ဝဝ)နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့သာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ မိုင်းသောက်ဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသနှင့် ဒုတိယဥက္ကဋ္ဌ ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်ဆရာတော်များနှင့် မော်ကွန်းထိန်းဆရာတော်များ၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးစိုးမင်းထွန်း၊ ပညာရေး ဝန်ကြီးဌာနမှ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ  နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အစည်းအဝေး ဖွင့်လှစ်ပြီး  သဘာပတိ ဆရာတော်ဖြစ်သော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိုင်းသောက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသက အဖွင့်သမ္မောဒနီယ သြဝါဒကထာ မြွက်ကြားပါသည်။

ဆက်လက်၍အစီအစဉ်အရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားပါသည်။ အစည်းအဝေးအစီအစဉ်အရ တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၁/၂၀၂၀)အစည်းအဝေးမှတ်တမ်းကို တင်ပြအတည်ပြုချက် ရယူခြင်း၊ ဗဟိုပညာရေးအဖွဲ့(၁/၂၀၂၁)အစည်းအဝေးမှ တင်ပြချက်များ၊ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ (ရန်ကုန်/မန္တလေး)တို့မှ တင်ပြချက်များ၊ (၂၆)ကြိမ်မြောက်နှင့် (၂၇)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနား၌ ဘွဲ့ခံယူမည့် ရဟန်းတော်များစာရင်းကို အတည်ပြုခြင်းနှင့် အထွေထွေကိစ္စရပ်များကို  သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက တင်ပြလျှောက်ထားခဲ့ပါသည်။

ယင်းနောက် သဘာပတိဆရာတော်က နိဂုံးချုပ်သြဝါဒကထာ မြွက်ကြားပြီး ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးသို့ ကြွရောက်လာကြသည့် ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

          သာသနာ့တက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်ခဲ့သည့် သက်တမ်းကာလအရလည်းကောင်း၊ ပရိယတ် စာပေလောက၏ ယုံကြည်လေးစားမှုအရလည်းကောင်း၊ စွမ်းဆောင်ရည်မြင့်မားလာမှု အရလည်းကောင်း၊ အခြား ပြည်တွင်း ပြည်ပတက္ကသိုလ်များနည်းတူ ဤသာသနာ့တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဓမ္မပါရဂူ (D.Litt)ဘွဲ့ကို ဆက်ကပ်အပ်နှင်းထားပါကြောင်း၊ လာမည့်(၂၇)ကြိမ် မြောက်အထိ ဘွဲ့အသီးသီးအပ်နှင်းပြီးပါက ဂုဏ်ထူးဆောင်ဓမ္မပါရဂူ (D.Litt)ဘွဲ့ရ (၅)ပါး၊  သာသနတက္ကသီလဓမ္မပါရဂူ (Ph.D,Buddhism)ဘွဲ့ရ (၁၄)ပါး၊ သာသနတက္ကသီလမဟာဓမ္မာစရိယ (M.A,Buddhism)ဘွဲ့ရ (၄၇၃)ပါး၊ သာသနတက္ကသီလဓမ္မာစရိယ (B.A,Buddhism)ဘွဲ့ရ (၂၅၂၃)ပါး စုစုပေါင်း(၃ဝ၁၅)ပါး ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ မိမိတို့စွမ်းရာ နယ်စပ်တောင်တန်းဒေသများ တွင် ကြွရောက် သာသနာပြုလျက်ရှိခြင်း၊ ပြည်တွင်းပြည်ပ သက်ဆိုင်ရာဒေသများတွင် ပရိယတ်၊ပဋိပတ်သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်း၊ တရားဓမ္မများ ဟောကြားပြသ လျက်ရှိခြင်း၊ ကလေးသူငယ်များအား ပညာသင်ကြားပေးလျက်ရှိခြင်း စသည်ဖြင့် ဘာသာသာသနာ အဓွန့်ရှည် ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်တော်မူလျက်ရှိကြကြောင်း သိရှိရပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို သည် ၁.၁၁.၂၀၂၁ ရက်နေ့၊ ၁၄၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ တွင် ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီကျင်းပပြုလုပ်သည့် မဟာဂီတသီချင်းကြီး များစိစစ်ရေး၊ဂီတသင်္ကေတမှတ်တမ်းပြုစုရေးလုပ်ငန်းအစည်းအဝေးသို့တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)မှတာဝန်ရှိသူများ၊ မဟာဂီတသီချင်းကြီးများ စိစစ်ရေးနှင့်  ဂီတသင်္ကေတ မှတ်တမ်းပြုစုရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်လတ်(နောင်)နှင့်အတူ ဂီတပညာရှင်များ၊ အတီးပညာရှင်များ၊ အဆိုပညာရှင်များ၊ စာပေပညာရှင်များ၊ ဆပ်ကော်မတီဝင်များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက “မဟာဂီတသီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုစုရေးကော်မတီ”၏  

          ပထမလုပ်ငန်းစဉ်အနေဖြင့် သီချင်းကြီးစာသားမူမှန်ပြုစုရေးဆပ်ကော်မတီမှစာသားများ အားလုံး စိစစ်ပြီးဖြစ်ပါကြောင်း၊ ထို့အတူ စည်းဝါးသံကျနှင့် ဟန်ထားစိစစ်ရေးကော်မတီမှ သီချင်း(၃၆)ပုဒ်ကို စိစစ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ခက်ဆစ်စာသားနှင့် အဓိပ္ပါယ်ဖွင့်ဆိုရေး ဆပ်ကော်မတီမှ သီချင်း(၂၈)ပုဒ်ကို စိစစ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ဂီတသင်္ကေတ ပြုစုရေးဆပ်ကော်မတီမှ သီချင်း(၁၃)ပုဒ်ကို စိစစ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ သဒ္ဒဗေဒ (Phonetics) အသံထွက်ပြုစုရေးဆပ်ကော်မတီမှ အဆိုပါ သီချင်း(၁၆၉)ပုဒ်အား ရေးသား ဆောင်ရွက်ရန် ကျန်ရှိပါကြောင်း၊ 

          ဒုတိယလုပ်ငန်းစဉ်အနေဖြင့် အဆိုပါ (၁၆၉)ပုဒ်ထဲမှ တေးသီချင်း (၁၀)ပုဒ်ကို ရွေးထုတ်ပြီး ဂီတသင်္ကေတစာအုပ်ကို စည်းဝါးသံကျနှင့် ဟန်ထားဆိုင်ရာ CD ခွေနှင့်တကွ ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ သီချင်း(၁၀)ပုဒ်မှာ စာသားနှင့် စည်းဝါးသံကျစိစစ်ပြီးဖြစ်ပါကြောင်း၊ မဟာဂီတသီချင်းကြီး တစ်ဆယ်ငါးပုဒ် စာအုပ်တွင် ခက်ဆစ်စာသားနှင့် အဓိပ္ပါယ်ဖွင့်ဆိုခြင်းကို (ဘုန်းမိုးသွန်းလောင်း သီချင်းခံ) တစ်ပုဒ်သာ ပါဝင် ကြောင်း၊ သဒ္ဒဗေဒ (Phonetics) အသံထွက် ပြုစုရေးဆပ်ကော်မတီမှ အဆိုပါ(၁၀)ပုဒ်ကို ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိပါကြောင်း၊

          တတိယလုပ်ငန်းစဉ်အနေဖြင့် မဟာဂီတကျမ်းစာအုပ်(၆)အုပ်ထဲမှ ယခု (၁၆၉)ပုဒ်ထဲ တွင် မပါသေးသော သီချင်းအပုဒ်(၅၀)ကို စာသားမူကွဲများ ရွေးချယ်စိစစ်ပြီးဖြစ်၍ ပညာရှင်ကြီး များက အတည်ပြုပေးရန်နှင့် စည်းဝါးသံကျ၊ ဟန်ထား၊ ခက်ဆစ်စာသား၊ ဂီတသင်္ကေတ နှင့် သဒ္ဒဗေဒစသည့် လုပ်ငန်းများ မူမှန်ပြုစုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်၊

          ယခု လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို အပြည့်အဝ အားပေးကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

          ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ကဏ္ဍအလိုက် အသီးသီးဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေ(၄:၀၀)နာရီတွင်  ရန်ကုန်မြို့ရှိ လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ဂေါပကအဖွဲ့နှင့်တွေ့ဆုံ၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စေတီတော်ကြီးလုံးတော်ပြည့်အဆင့်မြင့် လျှပ်စစ်မီး ထွန်းညှိပူဇော်ခြင်းလုပ်ငန်းအတွက် ငွေကျပ် ၁၁၄၈၆ သိန်းကျော်နှင့် စေတီတော်ကြီး နှင့် ဝတ္ထုကံမြေလုံခြုံရေးစနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် ငွေကျပ် ၁၅၄၆၃ သိန်း ကျော် ကုန်ကျမည့်လုပ်ငန်းနှစ်ရပ်နှင့်ပတ်သက်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ စာရင်းစစ်ဆေးခံနိုင်ရန်လိုအပ်ကြောင်း၊ ဂေါပကများသည်ကိုယ်ရောစိတ်ပါ ယဉ်ကျေးသိမ်မွေ့ရန် နှင့်် လက်အောက်ဝန်ထမ်းများအပေါ် မိဘသဖွယ်ပြောဆိုဆုံးမကြရန်နှင့် ရွှေတိဂုံစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများ၏ သြဝါဒကိုနာခံ၍ လုပ်ငန်းများ ဆောင်ရွက်ကြရန် လိုကြောင်း၊ ပရိယတ္တိသာသနာ့အထောက်အပံ့ဖြစ်သော စေတိယင်္ဂဏစာလျှောက် စာမေးပွဲကို နှစ်စဉ်ကျင်းပဆောင်ရွက်ရေးနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ရေး စသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း စသည်ဖြင့် အသေးစိတ် မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။