မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၀၉:၀၀)နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၅)၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပရာ မြန်မာ နိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက် အမှာစကား ပြောကြားပါသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌက မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမိုထိန်းသိမ်းမြှင့်တင်ရေးအတွက် အစိုးရအနေဖြင့် နိုင်ငံတော်၏  စီးပွားရေးမူဝါဒ(၁၂)ရပ်တွင် မူဝါဒတစ်ရပ်အနေဖြင့် ချမှတ်ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ မူဝါဒနှင့်အညီ မိမိတို့ဝန်ကြီးဋ္ဌာနက အမျိုးသား ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး၊ မြှင့်တင်ရေးများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိမိတို့နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိမှု၊ ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်မှု များကို နိုင်ငံတကာ အသိအမှတ်ပြုလာနိုင်စေရန်နှင့် UNESCO အဖွဲ့ဝင် နိုင်ငံတကာအဆင့် ထိန်းသိမ်းဆောင်ရွက်မှုစာရင်းတွင် အမည်စာရင်းပါဝင်စေရေးအတွက် ၂၀၁၄ ခုနှစ်တွင် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ပါဝင်စောင့်ရှောက်ရေးကွန်ဗင်းရှင်းတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါ ကြောင်း၊ ကွန်ဗင်းရှင်းဝင် နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းဆောင်ရွက်ရေးအတွက် လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊  မိမိတို့နိုင်ငံသည်  ဒြပ်ရှိအမွေအနှစ် ရှေးဟောင်းအဆောက်အအုံများ ထောင်သောင်း ချီ၍ တည်ရှိသကဲ့သို့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များလည်း အလွန်များပြားပါကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များတည်ရှိမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုကို အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းဖော်ပြမှုမရှိလျှင် အိမ်နီးချင်းနိုင်ငံအချို့၏ မွေးစားမှု၊ အသွင်ပြောင်းယူငင်မှုခံရမည်ဖြစ်ပါကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖော်ထုတ်ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိနေပါက ပေါင်းစပ်ညှိနှိုင်း ရန်၊ သတင်းအချက်အလက်များ ဖလှယ်နိုင်ရန်နှင့် ဆက်လက် အကောင်အထည်ဖော်ရမည့်လုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့   တစ်နှစ် နှစ်ကြိမ် တွေ့ဆုံညှိနှိုင်းရခြင်း ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ မိမိတို့သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ရှိသော ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ပြည့်ပြည့်စုံစုံပါရှိစေရန်နှင့် စနစ်တကျစာရင်း ကောက်ယူနိုင်စေရန် အတွက် ဖွဲ့စည်းထားသော အဖွဲ့ဝင်များအချင်းချင်း ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြစေလိုပါကြောင်း လိုအပ်သောပညာရပ်ပိုင်းဆိုင်ရာ အကူညီများကို ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးပေးမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံရဲ့နယ်နိမိတ်အတွင်းမှာ တည်ရှိနေတဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ပြည့်စုံစွာ ဖော်ထုတ်မှတ်တမ်းပြုစုခြင်း၊ စနစ်တကျစာရင်း ကောက်ယူနိုင်ခြင်းအားဖြင့် အမျိုးသားဒြပ်မဲ့ အမွေအနှစ်စာရင်းပြုစုရေးလုပ်ငန်းစဉ်၊ ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းစဉ် တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် စသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်မှာ ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အစီအစဉ်အရ (ICH) ဗဟိုကော်မတီအတွင်းရေးမှူး ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင်တင်ရေးဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက် အကောင်အထည်ဖော်သွားမည့် လုပ်ငန်းစဉ် များ၊ ပြည်နယ်/တိုင်းဒေသကြီးအလိုက် (ICH) စာရင်းကောက်ယူစုဆောင်းနေမှု အခြေအနေများ၊ အမျိုးသား(ICH) ဥပဒေရေးဆွဲနေမှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ UNESCO၏  Operational Directive တို့အား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဝန်ကြီးများက မိမိတို့ဒေသအလိုက် ဆောင်ရွက်လျက်ရှိသော  ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကိစ္စရပ်များ ရှေ့ဆက်လက်လုပ်ဆောင်ရန်လျာထားချက်များ၊ လိုအပ်ချက်များကို ဆွေးနွေးကြပြီး (၁၂:၄၅ )နာရီတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးမှာ ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး  ၂၀၁၇ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့က ပထမအကြိမ် အစည်းအဝေး ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ယခု ကျင်းပသည့် အစည်းအဝေး တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စာရင်းကောက်ယူပြီးစီးသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းများကိုစုစည်း၍ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းထုတ်ပြန်ရန်၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များအလိုက် မိမိတို့ကောက်ယူပြီးစီးသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအနက်မှ နိုင်ငံတကာအဆင့်သို့ ထည့်သွင်းဖော်ပြလိုသော စာရင်းအများဆုံး (၂)ခုကို ဗဟိုကော်မတီသို့ ရွေးချယ်ပေးပို့ရန်၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဥပဒေ၊နည်းဥပဒေ ပေါ်ထွက်ရေးအတွက် ဆက်လက် ညှိနှိုင်းရေးဆွဲရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ လုပ်ငန်းကော်မတီဥက္ကဋ္ဌများက မိမိဒေသ အတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ခြင်း၊ စုဆောင်းခြင်း၊ မြှင့်တင်ခြင်း၊ ထိန်းသိမ်းခြင်းများကို တွန်းအားပေးဆောင်ရွက်ရန်၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ခြင်းလုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလျာထားသတ်မှတ်သွားရန်၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ စိစစ်ရေးပညာရှင်အဖွဲ့ကို ပြည်နယ်နှင့်တိုင်းဒေသကြီး များမှ ပညာရှင်(၁)ဦး၏အမည်စာရင်း ပေးပို့ရွေးချယ်၍ အဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းဆောင်ရွက်သွားရန်၊ ဝန်ကြီးဌာနမှ ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သင်တန်းပေးရန်၊ ပျောက်ကွယ်လုနီးပါးဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် များကို ကာကွယ်ထိန်းသိမ်းပေးရန် စသည့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.