ဘဏ္ဍာရေးနှင့်ဌာနတွင်းစာရင်းစစ်ပညာမွမ်းမံသင်တန်းအမှတ်စဉ်(၁/ ၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထွန်းအုံ တက်ရောက်ဖွင့်လှစ်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ယူထမ်း ဆောင်လျက်ရှိသောဝန်ထမ်းများအနေဖြင့် မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန်ရည်ရွယ်၍ ဘဏ္ဍာရေးနှင့်ဌာနတွင်းစာရင်းစစ် ပညာမွမ်းမံသင်တန်းအမှတ်စဉ်(၁/ ၂၀၂၁)ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ (၈-၁၁-၂၀၂၁)ရက်နေ့ (၀၉၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြ သည့် ဦးအေးထွန်းနှင့် ဦးထွန်းအုံ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား/ သူ (၃၀)ဦးတို့နှင့် Video Conference ဖြင့် (၅၀)ဦး၊ စုစုပေါင်း (၈၀)ဦး  ပါဝင်တက်ရောက်ကြပါသည်။

သင်တန်းဖွင့်ပွဲ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက အဖွင့် အမှာ စကားပြောကြားရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိကြသည့် ဘဏ္ဍာရေးဆိုင်ရာ အရာထမ်း/ အမှုထမ်းများကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ သင်တန်းလာရောက်ပို့ချပေးမှာဖြစ်ကြောင်း၊ ဘဏ္ဍာရေးဝန်ထမ်းများသည် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ဝင်ငွေများကိုလျာထားခြင်း၊ အသုံးစရိတ်များကို ခန့်မှန်းရေးဆွဲခြင်းတို့ ဆောင်ရွက်ရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားထားသော ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် စာရင်း ပြုနည်းလမ်းညွှန်ချက်၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျစွာဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(National Comprehen-sive Development Plan-NCDP)နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(Myanmar Sustainable Development Plan-MSDP)တို့နှင့်အညီ ဘဏ္ဍာရေးကို ရေးဆွဲရန် လိုအပ်ပါကြောင်း၊

သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ဝင်ငွေနှင့်အသုံးစရိတ်များကို ခန့်မှန်းရေးဆွဲရုံသာမက အသုံးစရိတ်များ ရေးဆွဲရာတွင်လည်း  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏   အကြံပြုစစ်ဆေးချက်များ

အတိုင်း လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အထူးဂရုပြုရန်လိုအပ်ပါကြောင်း၊  အသုံးစရိတ်တစ်ရပ် သည် သုံးစွဲသည့်နေ့တွင်သာမက လစဉ်စာရင်း၊ (၃)လပတ်စာရင်း၊ (၆)လပတ်စာရင်း၊ နှစ်ချုပ်စာရင်း များ  ပြုစုပေးပြီး ဖြစ်သော်လည်း   ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ   စစ်ဆေးမပြီး

မချင်း ဘဏ္ဍာရေးတာဝန်ခံများတွင် တာဝန်ရှိနေပါကြောင်း၊  အမိန့်များ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်းများအတိုင်း ဆောင်ရွက်ထားပါက ကန့်ကွက်ချက်များ ပေါ်ပေါက်နိုင်ခြင်း မရှိပါ ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ယခုသင်တန်းက မွမ်းမံသင်ကြားပေးမှာဖြစ်ကြောင်း၊

နိဂုံးချုပ်အနေဖြင့် သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းနည်းပြများ၏ ပို့ချမှု များကို လုံ့လစိုက်ထုတ်၍ လေ့လာသင်ယူမှတ်သားကြရန်နှင့် မိမိတို့ဌာနအတွက် အမှန်တကယ် အကျိုးရှိစွာ ပြန်လည် အသုံးချ ဆောင်ရွက်နိုင်ရေး ကြိုးစားကြရန် ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။