ထိန်းသိမ်းစဉ်လာအနုပညာဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ

ရန်ကုန်

နိုဝင်ဘာ ၁၀ ရက်

          တက္ကသိုလ်၏ သုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် သင်ကြားမှု သင်ယူမှုများတွင် အထောက်အကူဖြစ်စေနိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၀-၂၀၂၁ပညာသင်နှစ်အတွက် ကျင်းပပြုလုပ်သော ထိန်းသိမ်းစဉ်လာအနုပညာ ဘာသာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲကို တက္ကသိုလ်၏ အနုပညာ ခန်းမ၊ သရဖီဆောင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပ ပြုလုပ်ပါသည်။ စာတမ်းဖတ်ပွဲအခမ်းအနားသို့ ခေတ္တပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဘာသာရပ်ဆိုင်ရာပညာရှင်ကြီးများ၊ သဘာပတိအဖွဲ့ဝင်များ၊ ဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ၊ဆရာမများ၊ သင်ကြားရေးနှင့် စီမံရေးရာဌာနဝန်ထမ်းများ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဗီဒီယို မိန့်ခွန်းဖြင့် အမှာစကားပြောကြားရာ “တက္ကသိုလ်တစ်ခုမှာ သင်ကြားရေးအသက်သွေးကြောဟာ သုတေသနဖြစ်ကြောင်း၊ သုတေသနအားကောင်းမှ ပညာရပ်နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ် ကြောင်း၊ မှန်ကန်ထိရောက်ပြီး အကျိုးဖြစ်ထွန်းမှုရှိတဲ့ သင်ရိုးညွှန်းတမ်းတွေကိုလည်း ပြုစုပို့ချနိုင်မှာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် သက်ဆိုင်ရာတက္ကသိုလ်တွေအနေနဲ့ အရည်အသွေးပြည့်ဝတဲ့ သုတေသန ရလဒ်ကောင်းတွေရရှိဖို့အတွက် စဉ်ဆက်မပြတ် လေ့လာသုတေသနပြုရန် အရေးကြီးကြောင်း၊ တက္ကသိုလ်ရဲ့ သင်ကြားရေးနယ်ပယ်ကို တာဝန်ယူသင်ကြားကြတဲ့ ဆရာ၊ ဆရာမတွေဟာ ပညာရပ် ဆိုင်ရာတွေကို စဉ်ဆက်မပြတ် သုတေသနပြုကြမှသာလျှင် သက်ဆိုင်ရာနယ်ပယ်များ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ သင်ကြားရေးအတွက် များစွာအထောက်အကူပြုနိုင်မှာဖြစ်ကြောင်း၊ စာတမ်းရှင်များ ဖတ်ကြားတင်သွင်းတဲ့ စာတမ်းတွေဟာ ဒီနေ့ကျင်းပတဲ့ ထိန်းသိမ်းစဉ်လာအနုပညာ ဘာသာရပ် ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲခေါင်းစဉ်နဲ့အညီ သက်ဆိုင်ရာအနုပညာနယ်ပယ်အသီးသီးအတွက် တန်ဖိုးရှိတဲ့စာတမ်းများဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း၊ နောင်စာတမ်းဖတ်ပွဲများ အလျဉ်းသင့်သလို ကျင်းပဖို့၊ စာတမ်းများစုစည်းပြီး စာအုပ်ထုတ်ဝေဖို့နဲ့ စာအုပ်မှာ  မေးခွန်းနဲ့အဖြေများကိုပါ ပြည့်စုံစွာ ထည့်သွင်းဖော်ပြသွားရန်လိုအပ်ကြောင်း၊ နိဂုံးချုပ်အနေနဲ့ ဒီနေ့ဖတ်ကြားသွားတဲ့ စာတမ်းတွေကနေ ပြီးတော့ တန်ဖိုးရှိတဲ့ အနှစ်သာရတွေကို နောင်ဆက်ကာ ဆက်ကာ ပခုံးပြောင်းတာဝန်ယူကြမယ့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီး မျိုးဆက်သစ်တွေက ဖော်ထုတ်သုံးစွဲနိုင်ကြပါစေ၊ ပညာဖြင့် လောကရသ၊ ဓမ္မရသ နှစ်ဖြာကို ဆင်ခြင်တိုင်းထွာ၊ ရှာဖွေဖော်ယူ သောက်သုံးကြလျက် လောက လူ့ရွာအကျိုး ကောင်းကျိုးကို မြှင့်တင်အလှဆင်နိုင်ကြပါစေ”လို့ ဆန္ဒပြုမိန့်ကြားသွားခဲ့ပါသည်။   

ဆက်လက်ပြီး အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ခေတ္တပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဘာသာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ပြင်ပစာပေပညာရှင်၊ အနုပညာရှင်များက သဘာပတိအဖြစ်ဆောင်ရွက်ကြကာ  စာတမ်းရှင်များက မိမိတို့ဘာသာရပ် ဆိုင်ရာစာတမ်းများကို ဖတ်ကြားကြပါသည်။

          ပထမဦးစွာ ဂီတပညာဌာနမှ ကထိက၊ ဒေါ်သိမ့်သိမ့်ဆွေ က “ရတုသီဆိုပုံနည်းစနစ်” စာတမ်း ကိုလည်းကောင်း၊ သဘင်ပညာဌာနမှ လက်ထောက်ကထိက၊ ဒေါ်ခင်နွဲ့အောင်က “ ရာမဇာတ်ဝင် တေးဂီတကောက်နုတ်ချက်များ”စာတမ်းကိုလည်းကောင်း၊ ပန်းချီပညာဌာနမှ ကထိက ဒေါ်နွယ်နီစိုးက “ပုရပိုက်ပန်းချီအခြေခံများ” စာတမ်းကိုလည်းကောင်း ဖတ်ကြားကြပြီး နံနက်ပိုင်းအစီအစဉ်ကို ခေတ္တရပ်နားပါသည်။

          မွန်းလွဲပိုင်းတွင် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ပန်းပုပညာဌာနမှ ကထိက၊ ဒေါ်မြသူဇာဝင်းက “မြေမီးဖုတ်စဉ့်ထည်ပန်းပုအနုလက်ရာများသုတေသနပြုလုပ်ခြင်း” စာတမ်းကို လည်းကောင်း၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်မြင့်မြင့်ကြည်က “VFXနည်းပညာ နှင့် ရုပ်ရှင်၊ ရုပ်မြင်ဖန်တီးမှုအချို့ကိုလေ့လာခြင်း” စာတမ်းကိုလည်းကောင်း အသီးသီး ဖတ်ကြားကြ ပါသည်။

          ထို့နောက် စာတမ်းများနှင့်ပတ်သက်၍ တက်ရောက်လာသူများက စာတမ်းရှင်များ၏ ဖတ်ကြားမှုအပေါ် ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ သဘာပတိများဖြစ်ကြသည့် ဂီတပညာရှင် ဦးအောင်ကိန်း၊ ဇာတ်သဘင်ပညာရှင် ဦးရဲထွဋ်၊ ပန်းချီပညာရှင် ဦးအောင်သင်းဦး၊ ပန်းပုပညာရှင် ဒေါက်တာပြည့်ဖြိုးကျော်နှင့် ရုပ်ရှင်နှင့်ပြဇာတ်ပညာရှင် ဒါရိုက်တာပန်းချီစိုးမိုး တို့က  ခြုံငုံသုံးသပ် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။