သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရုပ်စုံသဘင်တင်ဆက်ကပြမှုကို ရိုက်ကူးတင်ဆက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရိုးရာယဉ်ကျေးမှု အနုသုခုမအမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။ ကိုဗစ်-19 ကို အကြောင်းပြု၍ စိတ်ပင်ပန်းနွမ်းနယ်နေ သော ပြည်သူလူထုများအတွက် ရိုးရာအစဉ်အလာ အနုပညာတစ်ရပ်ဖြစ်သည့် အငြိမ့်သဘင် ဖျော်ဖြေ တင်ဆက်မှုများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV မှ စဉ်ဆက်မပြတ် ရိုက်ကူး ထုတ်လွှင့်ပြသလျက်ရှိပါသည်။ ထိုနည်းတူစွာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ ရုပ်စုံသဘင်ကို ရိုက်ကူးထုတ်လွှင့်ပြသနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(35)ရှိ လောကနတ် အစည်းအဝေး ခန်းမ၌ ယနေ့ မွန်းလွဲ ၁၄:00 နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

          ညှိနှိုင်းအစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်၊မန္တလေး)တို့မှ ပါမောက္ခချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

                  ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ခန့်ညားထည်ဝါစွာ ဂုဏ်ယူရပ်တည်နိုင်ရန်အတွက် ထိုနိုင်ငံ ထိုလူမျိုးတို့၏ ရိုးရာအစဉ်အလာ ကိုယ်ပိုင်ယဉ်ကျေးမှုသည် အဓိကသွင်ပြင်လက္ခဏာကြီး တစ်ရပ် အဖြစ် အမြဲပါဝင်နေပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုသည့် ဦးတည်ချက်အား ရည်မှန်းချက်ပန်းတိုင်အဖြစ် ထားရှိဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂံကို လွန်မြောက် အင်းဝခေတ် ဒုတိယမင်းခေါင်လက်ထက်(သက္ကရာဇ်842-863)က ရှင်မဟာရဋ္ဌသာရ ရေးသားပြုစုခဲ့တဲ့ “ဘူရိဒတ် လင်္ကာကြီး”မှာ “သစ်ခွကြားဝယ်၊ အလျား အခွေ၊ အထွေထွေဖြင့်၊ အတွေအခဲ၊ တွဲရရွဲလျင်၊ ကြိုးဆွဲငင်ချ၊ အရုပ်ကသို့…”ဟု ရေးဖွဲ့ထားသည့်အတွက် ကြိုးဖြင့် ဆွဲထားသည့် အရုပ်၏ဟန်ပန်ကို တင်စားရေးဖွဲ့ခဲ့ခြင်းဟူ၍ ထောက်ရှုကာ အင်းဝခေတ်တွင် ရုပ်သေးပေါ်ပေါက်နေကြောင်း ကောက်ချက်ဆွဲ၍ရပါကြောင်း၊ ထို့အတူ “သံဝရပျို့”မှ “ရုပ်ကြီးရုပ်ငယ်၊ မီးဝယ်ကြည့်ပွဲ၊ အံ့အဲမနိုင်၊ အဆိုင်ဆိုင်လျှင်…”ဆိုသည့် စာသားကို ထောက်ရှုပြီး တော့လည်း ရုပ်သေးသည် အင်းဝခေတ်မှာ ကောင်းစွာပေါ်ထွန်းခဲ့ပြီးဖြစ်ကြောင်း သိရှိနိုင်ပါ ကြောင်း။

                  ကုန်းဘောင်ခေတ် သက္ကရာဇ် 1145 ခုနှစ်မှာ ဘိုးတော်မင်းတရားကြီး (ဗဒုံမင်း) လက်ထက်က သဘင်နှင့် ပတ်သက်သည့် အမိန့်တော်မှတ်တမ်း တစ်စောင်ကိုထုတ်ပြန်ခဲ့ကြောင်း၊ ထိုအမိန့်တော်မှတ်တမ်းအရ ကုန်းဘောင်ခေတ်တွင် ရုပ်သေးကို “အမြင့်သဘင်”ဟု အလေးထား အမည်ပြုခဲ့ပါကြောင်း၊ ပါတော်မူပြီး နှောင်းပိုင်းကာလများမှာလည်း မြန်မာ့ရုပ်စုံသဘင်သည် တိမ်မြုပ်ပျောက်ကွယ်သွားခြင်းမရှိခဲ့ပါကြောင်း “ရုပ်သေးမှာအသံ၊ ဇာတ်မှာဟန်”ဆိုသည့် စကား အရ ရုပ်သေးအဆိုပညာရှင် ဆရာပု၊ ဦးဖူးညို၊ ပုဂံသားမောင်ဘကျော်တို့ နာမည်ကြီးခဲ့ပါကြောင်း၊ လွတ်လပ်ရေးရပြီးကာစ ကာလများမှာလည်း မြန်မာနိုင်ငံအထက်ပိုင်းက ရွှေဘိုတင်မောင်၊ မြန်မာနိုင်ငံအောက်ပိုင်းက ပုဏ္ဏားပျံကျော်အေး ရုပ်စုံသဘင်တို့ နာမည်ကျော်ကြားခဲ့ပါကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာလည်း ဒေါက်တာ ဦးရဲဒွေး၏ ဒဂုံအောင်ရုပ်စုံသဘင်သည် ထူးခြားသည့်တီထွင်ဆန်းသစ်မှုများဖြင့် တစ်ထောင့် တစ်နေရာကနေ ကြိုးပမ်းခဲ့ပါကြောင်း။

                  1993 ခုနှစ်မှာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်၏ သဘင်ပညာဌာနတွင် မြန်မာ့ရုပ်စုံပညာ ကို အထူးပြုဘာသာရပ် သင်ရိုးတစ်ခုအဖြစ် ထည့်သွင်းထားရှိပါကြောင်း၊ 1993 ခုနှစ်မှ စတင် ကျင်းပခဲ့သည့် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင်လည်း 1995 ခုနှစ် မှ စတင်ကာ ပညာရှင်အဆင့် ရုပ်သေးပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့ပါကြောင်း၊ 1998 ခုနှစ် ပြိုင်ပွဲမှာ ရုပ်စုံသဘင်ပြိုင်ပွဲအဖြစ် “ဝိဓူရ”ဇာတ်တော်ကြီးဖြင့် စတင်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ အချိန် ကာလ အတိုင်းအတာတစ်ခုအထိ တိမ်မြုပ်ပျောက်ကွယ်နေခဲ့သည့် ရုပ်သေးပညာပြန်လည်ပြီး တစ်ခေတ် ဆန်းသစ်လာခဲ့ပါကြောင်း၊  အကြောင်းကြောင်းများကြောင့် ကျင်းပခြင်းမပြုနိုင်ခဲ့သည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးနှင့်အတူ ရုပ်သေးအနုပညာရပ်သည် တိမ်မြုပ်ပျောက်ကွယ် သကဲ့သို့ ဖြစ်နေခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍  ကိုဗစ်-19 ကို အကြောင်းပြုကာ အများပြည်သူများ စိတ်ပင်ပန်းနွမ်းနယ်မှုအပန်းပြေစေရန် ဖျော်ဖြေမှု အသွင်သဏ္ဍာန်လည်း ပေါ်လွင်ပြီး မြန်မာ့ရုပ်သေး ပညာရပ်၊ မြန်မာ့ရုပ်စုံပညာရပ်ကိုလည်း ပြန်လည်ဖော်ထုတ်ရာလည်းရောက်စေရန် ရိုက်ကူးထုတ် လွှင့်ပြနိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ခေါ်ယူကျင်းပရခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့ပါသည်။  

                  ဆက်လက်၍ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ အနုပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများက ရုပ်စုံသဘင်တင်ဆက်ကပြမှုကို ရိုက်ကူး တင်ဆက်နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းဆွေးနွေးကြပြီး အစည်းအဝေး ကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။