တင်လတ်ယု(ယဉ်ကျေးမှု)
မြောက်ဦးခေတ်ကို အေဒီ ၁၄၂၉ မှ ၁၇၈၅ အထိ သတ်မှတ်နိုင်ပြီး မြောက်ဦးခေတ် အထောက်အထားများကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ သျှစ်သောင်းပုထိုးတော်ကြီး၊ ရတနာပုံ စေတီတော်၊ ကိုးသောင်းပုထိုးတော်ကြီး၊ လေးမျက်နှာဘုရား၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ ထူပါရုံ ဘုရား၊ မင်းခေါင်ရွှေတူဘုရား၊ လောင်ပွန်းပြောက်ဘုရား၊ ဝသဲ့ဘုရား၊ သကျမာရ်အောင်၊ ဇိနမာရ် အောင်၊ လောကမာရ်အောင်၊ ရတနာမာရ်အောင်၊ မင်္ဂလာမာရ်အောင်၊ ခြင်ကိုက်ပိဋကတ်တိုက် စသည့် ဘုရား၊ ဂူ၊ ပုထိုး၊ သိမ်များတွင် တွေ့ရပါသည်။
မြောက်ဦးခေတ်တွင် ဆံထုံးပုံစံ ၆၄ မျိုး ရှိခဲ့ကြောင်း ဆိုကြသော်လည်း ရှေးခေတ်ရခိုင် လင်္ကာ တစ်ခုတွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်ကို တွေ့ရပါသည်-
“ဇမ္ဗူတံခွန်၊ မင်းမွန်စိုးမြတ်၊ လောကနတ်တို့၊ ကျင့်အပ်တရား၊ စောင့်ထိန်းငြားသည်။ မမှားအမှန်၊ မြတ်မွန်သီလ၊ မြတ်ဓမ္မဖြင့်၊ စိုးကြသောခါ၊ ပြည်ဓညာဝယ်၊ နေပါတုံလျှင်, သူတော်စင်တို့၊ ဆင်ယင်ဝတ်စား၊ ရှိငြားတန်တန်၊ ထုံးနည်းမှန်မှာ၊ ထုတ်ပြန်တစ်ချက်၊ မပျက်ဥသျှောင်၊ ဆောင်ယောင်ဖွဲ့စည်း၊ ဆံထုံးနည်းကို၊ ကမ္ပည်းဤသို့ ခတ်ခဲ့သည်။ . . . . . ဆံထုံးထုံးနည်း၊ နိသယျည်းကို၊ ကမ္ပည်းတင်ပြန်၊ ကျမ်းဂန်အရ၊ ဖော်ထုတ်ပြအံ့၊ ပထမမှာ၊ မြအိုးလုံး၊ လမုံးသီး၊ တသီးတလီ၊ တပတ်ခွီ၊ နှစ်ပတ်ခွီ၊ သုံးပတ်ခွီ မိတ်စို့၊ တချို့ မိတ်လွတ်၊ မခွတ်တလည်၊ မြီတံရှည်က၊ စသည်တမျိုး၊ စူးထိုး ပတ္တမြား၊ မမှားတမှုံး၊ ကျိုက်ထုံးတတုံ၊ ကတုံကယင်၊ ထိုပြင်ဘီးစိုက်၊ အလိုက်သင့်စွာ၊ ထုံးရာဒီးဒုတ်၊ ဦးစွန်းပုတ်နှင့်၊ အသုတ်နောက်ဆွဲ၊ မလွဲထိပ်တင်၊ ထိုပြင်တသျှောင်း၊ ယောင်စောင်း မြိတ်ခေါက်၊ သွယ်သွယ်မြောက်က၊ မြိတ်ခေါက်ပန်းစိုက်၊ တဖြစ်တလဲ၊ လျော့ရဲကြာဝတ်ဆံ၊ တဖန်ပုလဲကုန်း၊ တုနှုံးခရုပတ်၊ မလွတ်မြိတ်ရစ်၊ စနစ်မရွတ်၊ နဂါးပတ် ကျော့ကွင်း၊ မယွင်း လလယ်ယုန်၊ တူစုံ့မလွဲ၊ မုတ္တာရွဲနှင့်၊ ဆင့်ကဲ နဂါးလိမ်၊ နှိုင်းယှဉ်ပမာ၊ ဂမုန်းအာငုံ၊ တူစုံမလွတ်၊ တမျဉ်းစက်လျှက်၊ ရစ်ပတ်ထုံးခွေ၊ ဆင်ကြပေသည်၊ ဤမြေရက္ခာ၊ ရွှေပြည်တည်း။”
အထက်ဖော်ပြပါ လင်္ကာတွင် ဖော်ပြထားသော ဆံထုံးအမည်များကို ဖော်ထုတ်ရပါက မြောက်ဦးခေတ် အမျိုးသမီးများ ထုံးဖွဲ့လေ့ရှိသော ဆံထုံးအမျိုးအစားပေါင်း ၃၀ မျိုး ရှိကြောင်း တွေ့ရပါတယ်။ ဆံထုံးများမှာ ရိုးရှင်းသယောင်နှင့် ဆန်းပြားသလို ဆံထုံးအမည်များ မှာလည်း လှပကြောင်းကို အောက်ပါအတိုင်း တွေ့ရပါသည်-
“မြအိုးလုံး၊ လမုံ့သီး၊ တပတ်ခွေ၊ နှစ်ပတ်ခွေ၊ သုံးပတ်ခွေ၊ မြိတ်စို့၊ မြိတ်လွတ်၊ မြိတ်တံရှည်၊ ပတ္တမြားစူးထိုး၊ ကျစ်ထုံး၊ ကတုံ၊ ကယင်၊ ဘီးစိုက်၊ ဒီးဒုတ်၊ ဦးစွန်းပုတ်၊ နောက်ဆွဲ၊ ထိပ်တင်၊
ယောင်စောင်း၊ မြိတ်ခေါက်၊ ပန်းစိုက်၊ လျော့ရဲ၊ ကြာဝတ်ဆံ၊ ပုလဲကုံး၊ ခရုပတ်၊ မြိတ်ရင်၊ နဂါးပတ်ကျော့ကွင်း၊ လလယ်ယုန်၊ မုတ္တရွဲ၊ နဂါးလိမ်၊ ဂမုံးအာ”
စစ်တွေယဉ်ကျေးမှုပြတိုက် ပြခန်းတစ်နေရာရှိ ရှေးခေတ်ရခိုင် ဆံထုံးများ ပြကွက်တွင် လင်္ကာမှတ်တမ်းလာ ဆံထုံး ၃၀ မျိုးအနက် ၁၅ မျိုးကို ပြန်လည်ဖော်ထုတ်ပြီး အများပြည်သူ လေ့လာနိုင်စေရန် အောက်ပါအတိုင်း ထုံးဖွဲ့ ပြသထားသည်ကို တွေ့ရှိခဲ့ရပါသည်-
“မြိတ်ခေါက်၊ သုံးပတ်ခွေ၊ နှစ်ပတ်ခွေ၊ တစ်ပတ်ခွေ၊ ခရုပတ်၊ ကြာဝတ်ဆံ၊ မြိတ်လွတ်၊ ဦးစွန်း၊ ဒီးဒုတ်၊ နဂါးလိမ်၊ ပြအိုးလုံး (မြအိုးလုံး)၊ ဂမုံးအာ၊ မြိတ်ရစ်၊ မြိတ်စို့၊ မုတ္တာရွဲ”
မြောက်ဦးခေတ် ရခိုင်ဆံထုံးများကို လေ့လာနိုင်သည့် နေရာမှာ ထုက္ကန်သိမ်ပုထိုး ဖြစ်ပြီး “ဗောင်းတော်လေးဆယ်၊ စလွယ်တော်ကိုးပါး၊ ခါးကြိုးငါးရပ်၊ လက်စွပ် ရှစ်ဆယ့်တစ်၊ လည်ရစ် ကိုးခွေ၊ နဘေကိုးဆင့်၊ ကြယ်ပွင့်တစ်ဆယ့်ခြောက်၊ လက်ကောက် နှစ်ဆယ်၊ ပန်းသွယ်ငါးမျိုး၊ ဆံထိုးရှစ်ခု၊ ပန်းပုရှစ်ချပ်၊ ခြေစွပ်ခုနစ်ပါး၊ ကိုယ်လွှားငါးမျိုး၊ ဆံထုံးငါးဆယ့်ငါး (အချို့ စာများမှာ ဆံထုံး ခြောက်ဆယ့်လေး ဟု ဖော်ပြထားပါသည်)” ဟု လင်္ကာစပ်ဆိုထားရာ မြောက်ဦးခေတ် သာမန်အမျိုးသမီးများနှင့် အထက်တန်းလွှာ၊ နန်းတွင်းသူတို့၏ ဆံထုံးများကိုလည်း အသေးစိတ် ထုဆစ်ထားကြောင်း လေ့လာတွေ့ရှိရပါတယ်။
ထုက္ကန်သိမ် လိုဏ်ပတ်လမ်းတစ်လျှောက် မုခ်ကပ်များရှိ ဘုရားရှင်အား ပူဇော်နေဟန် အမျိုးသား၊ အမျိုးသမီးရုပ်တုများထဲက ဆံထုံး အကောင်းအတိုင်း ကျန်ရှိနေသည့် ရုပ်တုပေါင်း ၆၀ တွေ့ရပါသည်။ ယျေဘုယျအားဖြင့် ဆံထုံးပုံစံမှာ ဦးခေါင်းအလယ်အထက်တွင် ထုံးဖွဲ့ရစ်ခွေ ထားသည့် ဆံထုံးပုံစံ ၅၄ မျိုးနှင့် နောက်တွဲဆံထုံးပုံစံ တို့ကိုတွေ့ရပါသည်။ ဆံထုံးပုံစံ အများ စုသည် ထုံးဖွဲ့ရစ်ခွေထားပြီး ရစ်ခွေထားပုံများမှာ အထက်မှ အောက်သို့ အဆင့်ဆင့် သေးသွား ဟန်၊ အောက်မှ အထက်သို့ သေးသွားဟန်၊ တစ်ပတ်ရစ်၊ နှစ်ပတ်ရစ်၊ သုံးပတ်ရစ် ပုံစံများ အဖြစ် တွေ့ရပါသည်။ အချို့ ဆံထုံးများတွင် ဆံပင်အဖျားကို အစမသိမ်းဘဲ ဆံမြိတ်ချထားဟန် အဖြစ် လည်းကောင်း၊ အချို့ဆံထုံးများမှာ ဆံပင်အဖျားကို ဆံထုံးအတွင်း ပြန်ခေါက်၍ လျှိုသွင်းထား ဟန် များအဖြစ် တွေ့ရပါတယ်။ ကွဲပြားခြားနားသည့် ဆံထုံးပုံစံအနေနဲ့ နောက်တွဲ ဆံထုံးနှင့် သျှောင်စောင်း တို့အဖြစ် တွေ့ရပါသည်။ နောက်တွဲဆံထုံးပုံစံမှာလည်း နောက်တွဲ ရစ်ခွေထုံးဟန် နှင့် ဆံပင်အဖျားကို အစမသိမ်းဘဲ ချထားဟန်ဟူ၍ ၂ မျိုး ထပ်မံတွေ့ရှိရပါသည်။ ဆံထုံးအများစု သည် အဆင်တန်ဆာ မပါဘဲ ထုံးဖွဲ့ထားကြသော်လည်း ဆံထုံးရှေ့ အလယ် တည့်တည့်တွင် ပန်းတစ်ပွင့် ပန်ထားဟန် ဆံထုံး ၂ ခုနှင့် ဆံထုံးတွင် ပုလဲကုံး ပတ်ထားသော ဆံထုံး ၄ ခုတို့ကို လေ့လာတွေ့ရှိရပါတယ်။ ဆံထုံးပုံစံများကို အသေးစိတ် ထပ်မံခွဲခြားပါက ဦးခေါင်းထက် အလယ် တွင် ရစ်ခွေထုံးဖွဲ့ ထားသော ဆံထုံးပုံစံ ၁၀ မျိုး၊ ဆံထုံးထုံးပြီး ဆံပင် အဖျားမသိမ်းဘဲ ဆံမြိတ် အတို၊ အရှည်ချထာသော ဆံထုံးပုံစံ ၂ မျိုး၊ ဆံပင်အဖျားကို ပြန်ခေါက်၍ ဆံထုံးအတွင်း ပြန်လျှို သွင်းထားသော ဆံထုံး ၁ မျိုး၊ နောက်တွဲ ခွေခေါက်ထုံးထားသော ဆံထုံး ၁ မျိုး၊ နောက်တွဲ ဆံထုံး ဆံပင်အဖျား မသိမ်းဘဲ ချထားဟန် ၁ မျိုး၊ ပန်း ပန်ထားသော ဆံထုံး ၁ မျိုး၊ ပုလဲကုံး ပတ် ထားသော ဆံထုံး ၂ မျိုး၊ ပန်းနှင့် ပုလဲကုံး တွဲ၍ တန်ဆာဆင်ထားသော ဆံထုံး ၂ မျိုး စသည်ဖြင့် ဆံထုံးပုံစံ ၂၀ မျိုးကို စာရေးသူအနေဖြင့် ပြန်လည်ဖော်ထုတ် နိုင်ခဲ့ပါတယ်။
စာပေမှတ်တမ်းအရ အမည်နှင့်တကွ ဖော်ပြထားသည့် ဆံထုံးအမျိုးအစား ၃၀ မျိုးနှင့် ထုက္ကန်သိမ် လိုဏ်ပတ်လမ်း အတွင်းရှိ ရုပ်တုများမှ ဆံထုံးအမျိုးအစား ၂၀ တို့ကို စာရေးသူ အနေဖြင့် ဆံထုံးအမည်များနှင့် နှိုင်းယှဉ်လေ့လာ ဖော်ထုတ်ကြည့်သည့်အခါ “တစ်ပတ်ခွေ၊ နှစ်ပတ်ခွေ၊ သုံးပတ်ခွေ၊ မြိတ်လွတ်၊ မြိတ်ရစ်၊ မြိတ်ခေါက်၊ မြိတ်စို့၊ ခရုပတ်၊ ဦးစွန်း၊ ပြအိုးလုံး၊ ကြာဝတ်ဆံနှင့် နောက်တွဲ” ဟူ၍ ဆံထုံး ၁၂ မျိုးကို အနီးစပ်ဆုံး ဖော်ထုတ်လေ့လာနိုင်ခဲ့ပါတယ်။ ကျန် ၈ မျိုး အမည်များကိုမူ ဆက်လက် ရှာဖွေ လေ့လာ ဖော်ထုတ်ရပေဦးမည် ဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်။