သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို “စောင့်စည်းအာရုံ မြတ်သည့်ဂုဏ်” ဇာတ်တော်ကြီး ဇာတ်တိုက်လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး

မြန်မာ့သဘင်မှု နယ်ပယ်တွင် အဆိုထက် အငိုခက်၊ အငိုထက် အပြောခက် ဟူ၍ ရှေးပညာရှင်ကြီးများက သတ်မှတ်ခဲ့ပါသည်။ ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးများ၏ စံ တစ်ရပ် ဖြစ်ပါသည်။ ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးများ၏ ဇာတ်စာ၊ ဇာတ်စကားများတွင် ဝစနလင်္ကာရ ဖြစ်သော ရွတ် ဖတ် ပြောဆိုရသည့် ကဗျာ လင်္ကာများပါသကဲ့သို့ သောတလင်္ကာရဖြစ်သော သီဆိုရ သည့် ဇာတ်ချင်းများလည်းပါရှိပါသည်။ ထိုဇာတ်စာ၊ ဇာတ်ချင်းများတွင် မြန်မာစာပေ၊ မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်၏ အဆီအနှစ်ဖြစ်ပြီး ရှေးအစဉ်အဆက်က အခိုင်အမာ တည်ရှိခဲ့သော ရာဇ၊ ဓမ္မ၊ လောကရေးရာနီတိများ၊ အဆိုအမိန့်များ ပါဝင်လျက်ရှိပါသည်။ ထို့ပြင် မြန်မာ့ဆိုင်း၏ ဇာတ်ပို့ဆိုင်း အတက်ပညာ၏ အနှစ်သာရများလည်း ပါဝင်လျက်ရှိပါသည်။

          ယခုအခါတွင် တိမ်မြုပ်ပျောက်ကွယ်လုဖြစ်သော မြန်မာ့သဘင်မှု၏ အမွေအနှစ်တစ်ရပ် ဖြစ်သည့် ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးများကို ပြန်လည်ဖော်ထုတ်တင်ဆက်ကပြရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် ဇာတ်စာရေးဆရာကြီး နန်းညွန့်ဆွေ(မန္တလေး) ရေးသားစီစဉ်တင်ဆက်သည့် စောင့်စည်းအာရုံမြတ်သည့်ဂုဏ်ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးကို နေပြည်တော်ရှိ လေ့ကျင့်ရေးဇာတ်ရုံတွင် ဇာတ်တိုက်လေ့ကျင့်လျက်ရှိပါသည်။

          သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေ ၁၅၀၀ နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          စောင့်စည်းအာရုံမြတ်သည့်ဂုဏ်” ဇာတ်တော်ကြီးတွင် မင်းသား တက္ကသိုလ်အားမာန်၊ မင်းသမီး ဝေဖူးငယ်နှင့် အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင်ဝန်ထမ်းများ ပါဝင် ကြပြီး ဇာတ်ပို့ဆိုင်းအဖြစ် ရွာစားနိုင်လင်းဗိုလ် ဆိုင်းအဖွဲ့က တီးခတ်ပံ့ပိုးပေးထားကြောင်း သတင်း ရရှိသည်။