အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၏ နှစ်(၂၀) ပြည့် ကြွေရတု အထိမ်းအမှတ် တက္ကသိုလ်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၏ နှစ်(၂၀)ပြည့် ကြွေရတု အထိမ်းအမှတ် တက္ကသိုလ်နှစ်ပတ်လည်နေ့ အခမ်းအနားကို (၅-၁၁-၂၀၂၁) ရက်နေ့တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၌ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းချက်များနှင့်အညီ အစီအစဉ်အားအပိုင်း(၂)ပိုင်းခွဲ ၍ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို နှင့် အစိုးရအဖွဲဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများစုံညီစွာ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ပထမပိုင်း အခမ်းအနားအစီအစဉ်များကို (AB-101) ခန်းမ၌ နံနက် (၀၈း၀၃၀) နာရီတွင် ကျင်းပခဲ့ရာ အနုပညာဌာနခွဲ (ဂီတ)မှ”တက်လက်စုံညီ ရှေ့သို့ချီ”တက္ကသိုလ်ဂုဏ်ပြုတေးထပ်အား သီဆိုခြင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပေးပို့သည့် တက္ကသိုလ်ကြွေရတု နှစ်ပတ်လည်နေ့ နှုတ်ခွန်းဆက် Video Message အား ဖွင့်လှစ်ပြသခြင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ ပါမောက္ခချုပ်က နှစ်(၂၀)ပြည့် ကြွေရတု အထိမ်းအမှတ် တက္ကသိုလ်နှစ်ပတ်လည်နေ့ ဂုဏ်ပြုအမှာစကား ပြောကြားခြင်း၊ အနုပညာဌာနခွဲ (ဂီတနှင့်သဘင်)တို့မှ “ရွှေစာရံပုတီးလို လှတဲ့ဒီတက္ကသိုလ်” သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ “တက္ကသီလံ ကြွေရတုရွှေစာရံ” သီချင်းအား အဆို အကဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ စုပေါင်း အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ဒုတိယပိုင်း အခမ်းအနားအစီအစဉ်ကို (၃)ထပ်စာသင်ဆောင်ရှေ့မျက်နှာစာတွင် နှစ်(၂၀)ပြည့် ကြွေရတု အထိမ်းအမှတ် ရုပ်ထုဖွင့်ပွဲနှင့် အမှတ်တရသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အထိမ်းအမှတ်ရုပ်ထုအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခြင်း၊ တက်ရောက်လာသူများ က အထိမ်းအမှတ်ရုပ်ထုအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခြင်း၊ အမှတ်တရ သစ်ပင် စိုက်ပျိုးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ နှစ်(၂၀)ပြည့် ကြွေရတုအထိမ်းအမှတ်အဖြစ် ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို တက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပုသိမ်ကြီးမြို့နယ်၊ အုန်ချောကျေးရွာ၊ သဲအင်းဂူဓမ္မရက္ခိတရိပ်သာကျောင်းဆရာတော် အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများ ပါဝင်တက်ရောက်၍ အနုမောဓနာတရား နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြပါသည်။

ထို့နောက် ညပိုင်း၌ တက္ကသိုလ်ရှိ ကြည်ပြာကန်ဘေး ဝန်းကျင်တွင် နှစ်(၂၀)ပြည့် ကြွေရတု အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ပါမောက္ခချုပ်က ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း အမှတ်စဉ်(၁၅)တွင် သင်တန်းသူပထမဆုရရှိခဲ့သည့် ဒေါကျော့ကျော့ဝင်း (စာကြည့်တိုက်လက်ထောက်-၁) အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၆၁)တွင် သင်တန်းသူ စစ်ရေးပြထူးချွန်ဆု ရရှိခဲ့သည့် ဒေါ်အေးမြတ်မြတ်မွန် (လက်ထောက်ကထိက၊ သဘင်)အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်း၊ နှစ်(၂၀)ပြည့် ကြွေရတု တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ရုပ်ထုအား ဖန်တီးထုဆစ်ခဲ့သော ပန်းပုပညာဌာနမှ ဆရာ/ဆရာမများကိုယ်စား ကိုယ်စားလှယ်တစ်ဦးအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်း၊ “တက္ကသီလံကြွေရတု ရွှေစာရံ” တက္ကသိုလ်ဂုဏ်ပြုတေးသီချင်းအား ရေးသားစပ်ဆိုပုံဖော်ခဲ့သော ဦးဇော်မိုးကျော် (တွဲဖက်ပါမောက္ခ၊ ဂီတ)အား ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်း၊ “တက်လက်စုံညီရှေ့သို့ချီ” တက္ကသိုလ် ဂုဏ်ပြုတေးထပ်အား ရေးသား စပ်ဆိုပုံဖော်သီဆိုခဲ့သော ဒေါ်ခင်ဆွေမြညွှန့် (လက်ထောက်ကထိက၊ ဂီတ)အား ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံခြင်း၊ ဗလာမပါ ကံစမ်းမဲအစီအစဉ်များ ပြုလုပ်ခြင်း၊ အဆို အကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ ဆောင်ရွက်၍ နှစ်(၂၀)ပြည့် ကြွေရတု အထိမ်းအမှတ်အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။