သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာသမိုင်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာသမိုင်းအဖွဲ့ တွေ့ဆုံပွဲအခမ်းအနားတွင် အမှာစကားပြောကြားခြင်းနှင့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာသမိုင်းအဖွဲ့ဝင်များ တွေ့ဆုံပွဲကို ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ (၄)ရက် (စနေနေ့) နေ့လယ်(၁:၃ဝ)နာရီအချိန်တွင် ရန်ကင်း မြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ သီရိမင်္ဂလာရိပ်သာလမ်းသွယ်ရှိ သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ ပညာဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့သမိုင်းအဖွဲ့ဝင် ဆရာကြီး (၁ဝ)ဦးအပါအဝင် စုစုပေါင်း(၁၇)ဦး တက်ရောက်ခဲ့ပါသည်။ မြန်မာသမိုင်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ဆွေးနွေးပြောကြားရာတွင် အမျိုးသားစာကြည့်တိုက် အမှတ်(၂) နေရာရရှိပြီးဖြစ်ကြောင်း၊ သမိုင်းပညာရှင်ရုံးခန်းနှင့် သမိုင်းသုတေသနစာကြည့်တိုက်နေရာ ပါဝင်မည် ဖြစ်ကြောင်း၊ သမိုင်းသုတေသနလုပ်ငန်းများ၊ သမိုင်းဆိုင်ရာ အထောက်အကူပြုစာပေနှင့် အတ္ထုပ္ပတ္တိ စာပေပြုစုခြင်းများ၊ သမိုင်းစာတမ်းဖတ်ပွဲများတွင် ပညာရှင်များက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သမိုင်းသုတေသနလုပ်ငန်းသည် ပြီးပြည့်စုံခြင်း၊ ပြီးဆုံးခြင်း မရှိပါကြောင်း၊ အချက်အလက် အထောက်အထားခိုင်မာရန်၊ ဆန္ဒစွဲမပါရန် လိုအပ်ပါကြောင်း၊ ဘုန်းကြီးစာချခြင်းမဟုတ်ဘဲ ပညာရှိ သတိဖြစ်ခဲစိုး၍ တင်ပြရခြင်းဖြစ်ပါကြောင်း၊ ယခင် ထုတ်ဝေခွင့်မရသော အနောက်တံခါးစာအုပ်ကို ယခု ထုတ်ဝေပေးမှာဖြစ်ပါကြောင်း၊ စာအုပ်အမည်ကိုတော့ ပြောင်းပေးမည်ဖြစ်ပါကြောင်း၊ သမိုင်း သုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထုတ်ဝေနိုင်အောင် ကြိုတင်ပြင်ဆင်ထားစေလိုပါကြောင်း၊ ပထမနှင့် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် အင်္ဂလိပ် လက်အောက် ကျရောက်သွားသော ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် အောက်မြန်မာပြည်တို့တွင် တိုင်းရင်းသားမျိုးချစ်များ၏ နယ်ချဲ့တော်လှန်ရေးတိုက်ပွဲများကို ပြန်လည်ဖော်ထုတ်မှတ်တမ်းတင် လိုပါကြောင်း၊ ထို့အပြင် လွတ်လပ်ရေးရပြီး(၁၉၄၈) နောက်နှစ်ငါးဆယ် (၁၉၉၈အထိ) အတွင်း ခေတ်သစ်မြန်မာ့သမိုင်းကိုလည်း (မူကြမ်း)ပြုစုချင်ပါကြောင်း စသည်ဖြင့် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါသည်။

ထို့နောက် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က မြန်မာ့သမိုင်းပညာရှင်များက ခေတ်အပိုင်းအခြားအလိုက် တာဝန်ယူပြန်လည်

ဖွဲ့စည်းပေးထားပါကြောင်းနှင့် ဌာနနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ချက်များကို တင်ပြခဲ့ပြီး မြန်မာသမိုင်းအဖွဲ့ပညာရှင်များက လုပ်ငန်းဆောင်ရွက်ချက်များကို အပြန်အလှန် ဆွေးနွေးခြင်း၊ အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြကာ အစည်းအဝေးကို နေ့လယ်(၂:၃ဝ)နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက် လမ်းသစ် လမ်းဒေါင့်တွင် တည်ဆောက်လျက်ရှိသော ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာများ ဖျော်ဖြေတင်ဆက် နိုင်မည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်း ရရှိပါသည်။