သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်တို့ “စောင့်စည်းအာရုံ မြတ်သည့်ဂုဏ် ဇာတ်တော်ကြီး ဝတ်စုံပြည့် လေ့ကျင့်ဇာတ်တိုက်နေမှုကို ကြည့်ရှုအားပေး”

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် ရိုးရာယဉ်ကျေးမှု အနုသုခုမအမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ခြင်းများကို အစဉ်တစိုက် ကြိုးပမ်းထမ်းဆောင်ရွက်လျက်ရှိပါသည်။

ယဉ်ကျေးမှုမြင့်မှ လူမျိုးတင့်မည်ဟူသော ဆိုစကားနှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေ အနှစ်များကို တန်ဖိုးထား ချစ်မြတ်နိုးလာစေရန်၊ မြန်မာ့ရိုးရာ ဆို၊ ငို၊ ပြော၊ ဇာတ်တော်ကြီးများ မတိမ် ကော၊ မပျောက်ကွယ်စေရေး ထိန်းသိမ်းဖော်ထုတ် ပြန့်ပွားစေရန်၊ ကာမဂုဏ်အာရုံကို လွန်ကျူးစွာ တပ်မက်မှုကြောင့် အကျိုးပျက်စီးတတ်ပုံကို နားလည်သိရှိစေရန်၊ လူမှုဘဝ၏ အနှောင့် အယှက် အတားအဆီးများကို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ကျော်လွှားနိုင်မှသာ အောင်မြင်မှု ပန်းတိုင် ရောက်ရှိနိုင် ကြောင်း နားလည်သိရှိစေရန်၊ ဘာသာ၊ သာသနာ အဆုံးအမကို လေးမြတ်စွာခံယူ၍ လိမ္မာယဉ်ကျေးသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဖြစ်လာကြစေရန်၊ ကိုဗစ်−19 ကို အကြောင်းပြု၍ ဇာတ်တော်ကြီးများ ကြည့်ရှုခံစားရသည့် အခွင့်အလမ်းဖြင့် ကင်းကွာနေသော ပြည်သူများအတွက် ရိုးရာအစဉ်အလာမပျက် ဇာတ်အင်္ဂါရပ် ပြည့်ပြည့်စုံစုံဖြင့် တင်ဆက်ကပြသည့် ဆို ငို ပြော ဇာတ်တော်ကြီးများကို နှစ်သက်မြတ်နိုးစွာ ကြည့်ရှုနိုင်စေရန်နှင့် တိမ်မြုပ်ပျောက်ကွယ် လုဖြစ်သော မြန်မာ့သဘင်မှု၏ အမွေအနှစ်တစ်ရပ်ဖြစ်သည့် ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးများကို ပြန်လည်ဖော်ထုတ် တင်ဆက်ကပြရန် ရည်ရွယ်၍ ဇာတ်စာရေး ဆရာကြီး နန်းညွန့်ဆွေ(မန္တလေး) ရေးသားစီစဉ် တင်ဆက်သည့် စောင့်စည်းအာရုံ မြတ်သည့်ဂုဏ် ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးကို နေပြည်တော်ရှိ လေ့ကျင့်ရေးဇာတ်ရုံတွင် ဇာတ်တိုက်လေ့ကျင့်လျက်ရှိပါသည်။

ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြုလုပ်သည့် “စောင့်စည်းအာရုံ မြတ်သည့်ဂုဏ်” ဇာတ်တော်ကြီး ဝတ်စုံပြည့်ဇာတ်တိုက် လေ့ကျင့်နေမှုအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် ညွှန်ကြားရေးမှူးချုပ် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဝတ်စုံပြည့် လေ့ကျင့်ဇာတ်တိုက်မှုအပေါ် လိုအပ်သည်များ အသေးစိတ်မှာကြားပြီး စောင့်စည်းအာရုံ မြတ်သည့်ဂုဏ်” ဇာတ်တော်ကြီးအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေ 1000000/-(ကျပ် တစ်ဆယ်သိန်းတိတိ) ပေးအပ်ခဲ့ပါသည်။

စောင့်စည်းအာရုံ မြတ်သည့်ဂုဏ်” ဇာတ်တော်ကြီးတွင် အဓိကဇာတ်ဆောင်များဖြစ်သည့် ဥဇ္ဇေနီဘုရင်အဖြစ် အနုပညာဦးစီးဌာနမှ ကျွမ်းကျင်(၁)(အဆိုအက) ဦးဝင်းမင်းဌေး(တက္ကသိုလ် အားမာန်)၊ စိတြလုလင်အဖြစ် ကျွမ်းကျင်(၂)(အတီးအမှုတ်) ဦးကျော်စွာဝင်း၊ ရူပမင်းသားအဖြစ် အနုပညာရှင်(၃)(အတီးအမှုတ်) ဦးအောင်ဟိန်းကျော်၊ သဒ္ဒမင်းသားအဖြစ် ကျွမ်းကျင်(၃)(အဆိုအက) ဦးအေးချမ်းအောင်၊ ဂန္ဓမင်းသားအဖြစ် ကျွမ်းကျင်(၃)(အတီးအမှုတ်) ဦးကျော်ဖြိုးလင်း၊ ရသာရုံ မင်းသားအဖြစ် ကျွမ်းကျင်(၃)(အဆိုအက) ဦးသန့်ဇင်၊ ဒိသာပါမောက္ခဆရာကြီးအဖြစ် ကျွမ်းကျင်(၂) (အတီးအမှုတ်) ဦးအောင်သူရိန်၊ အဿမုခိဘီလူးမအဖြစ် ကျွမ်းကျင်(၂)(အဆိုအက) ဒေါ်ဝေဖူးငယ် နှင့် ဘီလူးမများအဖြစ် ကျွမ်းကျင်(၂)(အဆိုအက) ဒေါ်သင်းသင်းမိုး၊ ကျွမ်းကျင်(၁)(အဆိုအက) ဒေါ်ခိုင်ဇာဖြိုး၊ ကျွမ်းကျင်(၂)(အဆိုအက) ဒေါ်နှင်းဝတ်ရည်၊ ကျွမ်းကျင်(၃)(အဆိုအက) ဒေါ်စိမ်းလဲ့ခင် နှင့် အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင်ဝန်ထမ်းများ ပါဝင်ခဲ့ကြပြီး ဇာတ်ပို့ဆိုင်း အဖြစ် ရွာစားနိုင်လင်းဗိုလ်ဆိုင်းအဖွဲ့က တီးခတ်ပံ့ပိုးပေးထားပါသည်။

အဆိုပါဇာတ်တော်ကြီးအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှတစ်ဆင့် အများပြည်သူသို့ ပြသ နိုင်ရေးအတွက် ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါများ လျော့ပါးသွားပါက ဇာတ်ရုံများရှိသည့် မြို့များတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ကုသရေး ညွှန်ကြားချက်များနှင့်အညီ ဖျော်ဖြေတင်ဆက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။