ပုဂံဒေသတစ်ခုလုံး ရေရှည်အကျိုးစီးပွား လွှမ်းခြုံသက်ရောက်မှု ရှိစေရေး၊ ရှေးဟောင်းအမွေအနှစ် ဒေသ ထိခိုက်မှုမရှိစေရေးနှင့် ဟိုတယ်လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

ပုဂံဒေသတစ်ခုလုံး ရေရှည်အကျိုးစီးပွား လွှမ်းခြုံသက်ရောက်မှုရှိစေရေး၊ ရှေးဟောင်းအမွေ အနှစ်ဒေသ ထိခိုက်မှုမရှိစေရေးနှင့် ဟိုတယ်လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ် အစည်းအဝေး ခန်းမ၌ (၆-၈-၂၀၁၈)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်၊  ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှင်းလင်းပြောကြားရာ၌ ပုဂံဒေသတစ်ခုလုံးရေရှည်အကျိုးစီးပွားလွှမ်းခြုံသက်ရောက်မှုရှိစေရေး၊ ရှေးဟောင်းအမွေအနှစ် ဒေသထိခိုက်မှုမရှိစေရေးနှင့် ဟိုတယ်လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေးတို့အတွက် အစည်းအဝေးတက်ရောက်လာသူများအားလုံးက အကျေအလည် ဝိုင်းဝန်း ဆွေးနွေးပေးကြရန် ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုလုံး ရေရှည်အကျိုးစီးပွားလွှမ်းခြုံ သက်ရောက်မှုရှိစေရေး၊ ရှေးဟောင်းအမွေအနှစ်ဒေသထိခိုက်မှုမရှိစေရေးနှင့် ဟိုတယ်လုပ်ငန်းရှင် များ နစ်နာမှုမရှိစေရေးတို့အတွက် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို လျာထားပါကြောင်း၊ ယခုအခါတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေးအတွက် UNESCO သို့ Nomination Dossier စာတွဲတင်ပြပြီးဖြစ်ကြောင်း၊ UNESCO ၏ မူဘောင် အရ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း အချို့သောကိစ္စရပ်များနှင့်ပတ်သက်၍ ကန့်သတ်မှု များရှိသော်လည်း အဘက်ဘက်ကအဆင်ပြေနိုင်မည့် အစီအမံများကို စီစဉ်ထားပါကြောင်းနှင့် အားလုံးမင်္ဂလာရှိသော အဖြေများထွက်ပေါ်လာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် အစည်းအဝေးတက်ရောက်လာသူများက ပုဂံဒေသတစ်ခုလုံးရေရှည် အကျိုး စီးပွားလွှမ်းခြုံသက်ရောက်မှုရှိရေး၊ ရှေးဟောင်းအမွေအနှစ်ဒေသထိခိုက်မှုမရှိစေရေးနှင့် ဟိုတယ် လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေးတို့နှင့်ပတ်သက်၍ ကျေလည်စွာညှိနှိုင်းဆွေးနွေး၍ အစည်း အဝေးကို ညနေ(၁၆:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.