သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန “အနုသုခုမဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ-2021” အခမ်းအနားကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၏ “အနုသုခုမဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ-၂၀၂၁”ကို ယနေ့ နံနက် ၁0၀၀ နာရီအချိန်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်ရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသူများ၊ ဝန်ကြီးဌာနအသီးသီးမှ သုတေသီများ တက်ရောက်ခဲ့ကြပါသည်။

              ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် စာတမ်းဖတ်ပွဲ ကို “အနုသုခုမဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ”ဟု အမည်ပေးထားသဖြင့် ယဉ်ကျေးမှုအနုသုခုမ ဆိုင်ရာ ဒြပ်ရှိ၊ ဒြပ်မဲ့ အမွေအနှစ်များကို သာမန်ထုတ်ဖော်တင်ပြခြင်းထက် သုတေသနရှုထောင့်မှ လေ့လာထားသည့် စာတမ်းများဖြစ်ပါကြောင်း၊ “တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ်သိရန် စူးစမ်း ရှာဖွေခြင်း၊”သည် သုတေသနလုပ်ငန်းဖြစ်သည်ဟု မြန်မာစာအဘိဓာန်က ဖွင့်ဆိုထားပါကြောင်း သုတေသီဆရာကြီးတစ်ဦးက “အချက်အလက်များ သဘာဝတရားများကို ကျနစွာစိစစ်ဝေဖန် သော ရှာဖွေခြင်းနှင့် စုံစမ်းခြင်းများ၊ တစ်စုံတစ်ခုသော အကြောင်းအရာကို အတည်ပြုနိုင်ရန်၊ သေချာသည်ထက်သေချာစေရန် စူးစမ်းလ့လာခြင်းများကိုစုပေါင်းပြီး သုတေသနလို့ခေါ်ဆိုသည်” ဟု ရေးသားခဲ့ပါကြောင်း၊

              သုတေသနဆိုသည်မှာ နယ်ပယ်အသီးသီးတွင် မရှိမဖြစ်သည့်လုပ်ငန်းဖြစ်ပါကြောင်း၊ အချို့သော လုပ်ငန်းများကို သုတေသနဟု အမည်မခံသော်လည်း သုတေသန သဘောသက်ဝင် သည့် လေ့လာစူးစမ်းမှုများ ပါဝင်နေတတ်ပါကြောင်း၊ ကျောက်ခေတ်မှသည် ယနေ့ခေတ်အထိ လူနေမှုဘဝတစ်ခုလုံး တိုးတက်လာခြင်းသည် သုတေသန သို့မဟုတ် သုတေသနဆန်သော အတွေး၊ အမြင်၊ အလုပ်များကြောင့်ဆိုသည်ကို ငြင်း၍မရပါကြောင်း၊ ဤဝန်ကြီးဌာနတွင် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာနဟူ၍ သုတေသဦးစီးဌာန ၂ ခုကို ထင်ထင်ပေါ်ပေါ်ဖွဲ့စည်းထားပါကြောင်း၊ သုတေသနဆောင်ရွက်ရမည့် “တာဝန်”နှင့် “အကြောင်းအရာ”ကို သမိုင်းနှင့်ရှေးဟောင်းဟူ၍ သတ်မှတ်ပေးထားပါကြောင်း၊ ထိုဌာန ၂ ခု၏ သုတေသနပစ္စည်းများသည် ထင်သာမြင်သာရှိ ပါကြောင်း၊

              အနုပညာဦးစီးဌာနအနေဖြင့် သုတေသနအလုပ်ကို ဇောင်းပေးထားခြင်းမရှိသော် လည်း အနုပညာဦးစီးဌာနတွင် သဘင်လည်း သဘင်အလျောက်၊ ဂီတလည်း ဂီတအလျောက်၊ ပန်းချီလည်း ပန်းချီအလျောက်၊ ပန်းပုလည်း ပန်းပုအလျောက်၊ ရုပ်ရှင်လည်း ရုပ်ရှင်အလျောက် တီထွင်ဆန်းသစ်မှုများကို ဖန်တီးရပါကြောင်း၊ ယင်းသည် အမည်မခံသည့် သုတေသနတစ်ရပ် ဖြစ်ပါကြောင်း၊ ဇာတ်ခုံအခင်းအကျင်း၊ မီးအပေးအယူ၊ အသံစနစ်တွင်သာမက အဝတ်အထည် အဆင်အပြင်စသည်တို့ကို ခေတ်မီစေရန် သရုပ်သကန်ပီပြင်စေရန် ကြံဆရပါကြောင်း၊ ထိုအရာ သည်ပင် အနုပညာဦးစီးဌာနရှိ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၏ အလုပ်တာဝန်များပင်ဖြစ် ပါကြောင်း၊

              ယနေ့စာတမ်းပွဲမှာ တင်သွင်းကြမည့် စာတမ်း ၅ စောင်ဖြစ်သော မြန်မာ့လွန်း ရာကျော် ကြိုးကြီးချိတ်၊ ကိုလိုနီခေတ်ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ ဓလေ့ ထုံးစံများ၊ မြန်မာ့ရုပ်စုံသဘင်ဇာတ်တော်ကြီးတင်ဆက်မှုအခန်းကဏ္ဏကိုလေ့လာခြင်း၊ ချစ်သမျှကို သစ္စာတိုင်ပတ်ပျိုး၏ အနှစ်သာရများဟူသည့် စာတမ်းများမှာ လေ့လာမှုစာတမ်းများ ဖြစ်ကြသလို ဒြပ်မဲ့ယဉ်ကျေးမှု(Intangible Cultural Heritage – ICH)မှာ ပါဝင်သည့် စာတမ်းများဖြစ်ကြ တဲ့အတွက် စာတမ်းဖတ်ပွဲတက်ရောက်သူများကို သုတ၊ ရသ စွယ်စုံပေးနိုင်မည့် စာတမ်းများ ဖြစ်ပါလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အနုပညာဦးစီးဌာနအနေနဲ့ မြန်မာ့ဆိုင်းပညာနှင့် ပတ်သက်သော၊ ဇာတ်ခုံတင်ဆက်မှုနှင့် ပတ်သက်သော ပညာ၊ နည်းပညာရပ်များကို ဆက်လက်၍ သုတသနပြု တင်ဆက်ပေးနိုင်ပါရန် အကြံပြုတင်လိုပါကြောင်း ပြောကြားခဲ့ ပါသည်။

              ထို့နောက် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက စာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်းသည်များကို ရှင်းလင်းတင်ပြပြီး စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပ ခဲ့ပါသည်။

              နံနက်ပိုင်းတွင် သုတေသနလက်ထောက်-၁ ဒေါ်မီမီက “မြန်မာ့လွန်းရာကျော်ကြိုးကြီး ချိတ်(ကြိုးကြီးချိတ်အဆင်ဒီဇိုင်းများလေ့လာချက်)” စာတမ်းကိုဖတ်ကြားရာ ဦးတင်မောင်လွင် (ပါမောက္ခ-ငြိမ်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်-ရန်ကုန်)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊  သုတေသနလက်ထောက်-၂ ဦးတင်လတ်ယုက “ကိုလိုနီခေတ်ဝတ်စားဆင်ယင် ထုံးဖွဲ့မှု”စာတမ်းကိုဆက်လက်ဖတ်ကြားရာ ဦးညွန့်ဟန်(ညွှန်ကြားရေးမှူးချုပ်-ငြိမ်း၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

              စာတမ်းဖတ်ပွဲကို နေ့လယ်ပိုင်းတွင် ဆက်လက်ကျင်းပရာ  အနုပညာရှင်-၂ ဦးရွှေအိုး က “ပအိုဝ်းတိုင်းရင်းသားတို့၏ဓလေ့ထုံးစံများ” စာတမ်းကိုဖတ်ကြားရာ ဦးညွန့်ဟန် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန) သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး၊  ဒေါ်ဇင်မာဝင်း (ပန်တျာကျောင်းအုပ်၊ အနုပညာအထက်တန်းကျောင်း-ရန်ကုန်)က ရုပ်စုံသဘင်ဇာတ်တော်ကြီး တင်ဆက်မှုအခန်းကဏ္ဍကို လေ့လာခြင်းစာတမ်းကို ဖတ်ကြားရာ ဦးအောင်တိုး(ကထိက-ငြိမ်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်-ရန်ကုန်)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ပြင်ပဂီတပညာရှင် စာရေး ဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့က “ချစ်သမျှကိုသစ္စာတိုင်ပတ်ပျိုး၏အနှစ်သာရများ” စာတမ်းကိုဖတ် ကြားရာ ဦးအောင်တိုး(ကထိက-ငြိမ်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်-ရန်ကုန်) က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ စာတမ်းတစ်စောင်ချင်း ဖတ်ကြားအပြီးတွင် တက် ရောက်လာသူများဖြစ်သော ကျန်းမာရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီလှိုင်ရီ၊ ရှေးဟောင်းသုသနေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြတ်ဆွေ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းဌေးတို့ကလည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်(ငြိမ်း) ဦးဇော်ဌေး၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်သီတာတို့ကလည်းကောင်း၊ စာရေးဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့၊ တိုင်းရင်းသားလူမျိုးများရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းဝင့်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်း၊ ဦးစီးအရာရှိ ဒေါ်မှူးစန္ဒာခင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းတို့ကလည်းကောင်း စာတမ်းများနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။ ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထွန်းအုံက နိဂုံးချုပ် အမှာစကားပြောကြား၍ စာတမ်းဖတ်ပွဲ အခမ်းအနားကို ရုတ်သိမ်း လိုက်ကြောင်း သတင်းရရှိပါသည်။