၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ညစာစားပွဲအခမ်းအနား၏ ဖျော်ဖြေရေးအစီအစဉ်များအတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သက်ဆိုင်ရာ လူမှုရေးရာဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲဖျော်ဖြေရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၇.၁၂.၂၀၂၁ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)ရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပပြု လုပ်ခဲ့ရာ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ အဖွဲ့ဝင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သက်ဆိုင်ရာ လူမှုရေးရာဝန်ကြီးများနှင့် တိုင်းရင်း သားရေးရာဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ကိုယ်တိုင်လည်းကောင်း၊ Video Conferencing ဖြင့် လည်းကောင်း စုံညီစွာတက်ရောက်ခဲ့ကြပါသည်။

              အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ၂၀၂၁ ခုနှစ် တွင် ပြည်ထောင်စုနေ့ အခမ်းအနားကို အထင်ကရ မကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်မှာတော့ ကိုဗစ် ကူးစက်နှုန်းကျဆင်းသွားသည့်အပြင် စိန်ရတုအထိမ်းအမှတ်နှင့် တိုက်ဆိုင်နေသော ကြောင့် တခမ်းတနား ကျင်းပသွားမှာဖြစ်ပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် ညစာစားပွဲအပြီးတွင် တင်ဆက်ကပြမည့် ပြည်ထောင်စုတိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေသည့်ပွဲအစီအစဉ်ကို တာဝန်ယူဆောင်ရွက်သွားရမှာဖြစ်ပါ ကြောင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားပေါင်းစုံပါဝင် သောကြောင့် ပြည်ထောင်စုကပွဲကြီးအဖြစ် စုစည်းညီညွတ်မှု အနှစ်သာရကို ဖော်ဆောင်ပေးနိုင် မှာ ဖြစ်ပါကြောင်း၊ ဖျော်ဖြေရေးသာမက ပြည်ထောင်စု စိတ်ဓာတ်ကို ကြည့်ရှုသူများ၏ ရင်ထဲသို့ အရောက်ပို့ဆောင်ပေးနိုင်သည်အထိ ကြိုးပမ်းကြရမှာဖြစ်ပါကြောင်း၊

              တိုင်းရင်းသားများ ကပြနေချိန်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ထင်ရှားသည့် Landmark များ၊ တည်ဆောက်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုများ၊ ယဉ်ကျေးမှု စရိုက်လက္ခဏာများကို LED ဖန်သားတွင် ပုံရိပ်ထင်ဟပ်ပေးမှာဖြစ်ပါကြောင်း၊ တဒင်္ဂအတွင်းမှာ ပြည်နယ်များ၏အကနှင့် အလှကို တွေ့မြင်ခံစားစေရမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် အထောက် အကူပြု ရုပ်ပုံများကို အထူးဂရုပြုရွေးချယ်ပို့ပေးစေလိုပါကြောင်း၊

              တိုင်းရင်းသားဖျော်ဖြေရေးအဖွဲ့များ ရောက်ရှိလာသည့်အခါတွင် တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး၊ သွားလာရေး၊ လေ့လာရေး၊ လေ့ကျင့်ရေး အစရှိသည်တို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အခြားဆက်စပ်ဝန်ကြီးဌာနများဖြင့် ညှိနှိုင်းဆောင် ရွက်ပေးသွားမှာဖြစ်ပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။

              ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက ဂုဏ်ပြုညစာစားပွဲအခမ်းအနား ဖျော်ဖြေရေးအစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ ပါသည်။

              ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ရာဝန်ကြီးနှင့် ကချင်ပြည်နယ်မှ တိုင်းရင်းသားရေးရာဝန်ကြီး၊ ကရင်ပြည်နယ်မှ တိုင်းရင်းသား ရေးရာဝန်ကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ လူမှုရေးရာဝန်ကြီးနှင့် ရှမ်းပြည်နယ်မှ တိုင်းရင်းသားရေးရာဝန်ကြီးတို့ကလည်းကောင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်မှ လူမှုရေး ဝန်ကြီးတို့က Video Conferencing တက်ရောက်၍လည်းကောင်း၊ ဖျော်ဖြေရေးအစီအစဉ် များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်း သားရေးရာဝန်ကြီးဌာန၊ လုံခြုံရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့နှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ အဖွဲ့ဝင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေး အနက်ထား၍ ဖျော်ဖြေတင်ဆက်ရန်၊ တိုင်းပြည်၏ အင်အားသည် ပြည်တွင်းမှာသာရှိသည် ဟူသည့် ဆောင်ပုဒ်ကို ဦးတည်၍ ကြိုးပမ်းဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။