သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကို “ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ”သို့ တက်ရောက် ၂၉ ရက်၊ ဒီဇင်ဘာလ၊ နေပြည်တော်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ကျင်းပပြုလုပ်သော” ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ” ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ(၂၉-၁၂-၂၀၂၁)ရက်နေ့ နံနက်(၁၀၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အမျိူးသားလွှတ်တော် ဥက္ကဋ္ဌ (ငြိမ်း) ဦးခင်အောင်မြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ စာတမ်းဖတ်ပွဲတွင် သဘာပတိအဖြစ်ဆောင်ရွက်မည့် ပညာရှင်များ၊ စာတမ်းရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သတင်းမီဒီယာများနှင့် ဌာနမှအရာထမ်း၊ အမှုထမ်းများ အခမ်းအနားသို့တက်ရောက်ပြီး  ဦးစီးဌာန၏ ဌာနခွဲ၊ ဌာနစုအသီးသီးမှ တာဝန်ခံနှင့် အရာထမ်း၊ အမှုထမ်းများသည်လည်း Video Conferencing ဖြင့် တက်ရောက်ကြပါသည်။

              သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့် အမှာစကားပြောကြားရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်မှုဖွံ့ဖြိုးတိုးတက်စေရန်အတွက် လည်းကောင်း၊ တိမ်မြုပ်နေတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်နိုင်ရန် အတွက် လည်းကောင်း ရည်ရွယ်ပြီး စာတမ်းဖတ်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ၂၀၂၁ ခုနှစ် အတွင်းမှာ ဒုတိယအကြိမ်မြောက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊  ယခုလို စာတမ်းဖတ်ပွဲများကို လစဉ်လိုလို ဦးစီးဌာနနှင့် တက္ကသိုလ်များတွင် ကျင်းပနိုင်ခဲ့မှုကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါသည်။

              ယနေ့စာတမ်းဖတ်ပွဲ၏ သုတေသနစာတမ်းများဖြစ်သော လက်တွေ့နယ်ပယ်အသီးသီးမှ ပါဝင်ဆောင်ရွက်နေကြသူများ၏ သုတေသနရလဒ်များကိုအခြေခံပြီး သမိုင်းမတင်မီခေတ်မှ ယနေ့ မျက်မှောက်ခေတ်ကာလအထိ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်‌ ပေါ်ပေါက်ထွန်းကားခဲ့သည့် ယဉ်ကျေးမှုသွင်ပြင်များ၊ အထောက်အထားများအကြောင်းကို ဖတ်ကြားသွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

              ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြီးပြောကြားရာတွင် ခေတ်အဆက်ဆက် မြန်မာ့ သမိုင်းပညာရှင်များက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၊ ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် သုတေသနပြုဖော်ထုတ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသလို မျက်မှောက်ခေတ် ပညာရှင်များကလည်း သုတေသနအမွေကိုလက်ဆင့်ကမ်းအားထုတ်ကြိုးပမ်းနေကြသည်ကို မျက်ဝါး ထင်ထင်မြင် တွေ့နေရပါကြောင်း၊ ဒီလိုဆောင်ရွက်နိုင်အောင်လည်း တစ်ဦးနှင့် တစ်ဦး အမြင်ချင်း ဖလှယ်၊ အတွေ့အကြုံများ နှီးနှောတင်ပြ၊ အကြံဉာဏ်ကောင်းများပေးပြီး ဆွေးနွေးတိုင်ပင် ညှိနှိုင်းကြခြင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကို ပိုမိုတိုးတက်မြှင့်တင် ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု မိမိအနေဖြင့် မျှော်လင့် မိပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ အထက်ပိုင်းနှင့် အလယ်ပိုင်းတွေမှာ ကျောက်ဖြစ် ရုပ်ကြွင်း ပရိုင်းမိတ်များကို နေရာများစွာမှာ ရှာဖွေတွေ့ရှိခဲ့သည့် အတွက် လွန်ခဲ့သော နှစ်သန်း (၄၀)ကတည်းက လူသားစတင်ပေါ်ပေါက်လာဖို့အတွက် သမိုင်းကြောင်းကို စတင်ခဲ့သည်ကို သုတေသနပြုတွေ့ရှိထားပြီး ဖြစ်ပါကြောင်း၊ ထိုကာလကတည်းက အစပြုခဲ့တယ်လို့ဆိုရမယ့် ရှည်လျားခိုင်မာလှသော သမိုင်းကြောင်းနှင့်အတူ ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအမွေ အနှစ်များ ပေါများလှတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် သမိုင်းကြောင်းကို ကြည့်မည်ဆိုပါကလည်း မိမိတို့ရဲ့ ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ တည်ဆောက် ကိုးကွယ်ခဲ့ကြသည့် ဘုရား၊ ပုထိုး၊ ဂူ၊ ကျောင်းအစရှိသည့် သာသနိက အဆောက်အအုံများ၊ နန်းတော်ဟောင်းများ၊ ရှေးမြို့တော် ဟောင်း များ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ စတဲ့ ယဉ်ကျေးမှုအမွေအနှစ်များဟာ သမိုင်းခေတ်အသီးသီး မှာ လက်ညှိုးထိုးမလွဲအောင် တည်ရှိနေကြပါကြောင်း၊ အလားတူ ထိတွေ့ကိုင်တွယ်တန်ဖိုး မဖြတ်နိုင်သော တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာ ဓလေ့ထုံးတမ်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထောင်ပေါင်းများစွာမှာလည်း နိုင်ငံတစ်ဝှမ်းမှာ တည်ရှိနေပါကြောင်း ပြောကြားခဲ့ပါသည်။

              သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်မှာရှိသည့် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ရှေးဟောင်းနေရာဒေသ များ၊ ရှေးဟောင်းအဆောက်အအုံများနှင့်တကွ ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာများကို ရေရှည်တည်တံ့စေရန်နှင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ အမျိုးသားအဆင့်မှသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် ကမ္ဘာ့ အမွေအနှစ်များအဖြစ် ပြဋ္ဌာန်းသတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ယဉ်ကျေးမှုအမွေအနှစ်များကို ဥပဒေဖြင့်ကာကွယ်ထိန်းသိမ်း နိုင်ရန် ယဉ်ကျေးမှုဇုန်(၄၈)ဇုန် သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ရှေးဟောင်းအဆောက်အအုံ များနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ၊ ယဉ်ကျေးမှုအမွေ အနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများကို ခေတ်နဲ့အညီ ပြန်လည်ပြင်ဆင် ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ကာကွယ်ထိန်းသိမ်းရေး ဥပဒေကိုတော့ ရေးဆွဲနေဆဲ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။  

                        ယခုလို စာတမ်းဖတ်ပွဲ ကျင်းပခြင်းဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လူမှုရေး ဦးတည်ချက်တွင် ပါဝင်သော“တိုင်းရင်းသားလူမျိုးအပေါင်း တို့၏ ဓလေ့ထုံးတမ်းအစဉ်လာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး” ဆိုသည့်အချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခြင်းလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့နိုင်ငံ၏ မြေပေါ်မြေအောက်ရှိ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထား များကို သုတေသနပြု၊ ဖော်ထုတ်ထိန်းသိမ်းရေးတွင်လည်း ပြည်သူများပူးပေါင်း ပါဝင်ထိန်းသိမ်း လိုစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် လည်းကောင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ၏ တန်ဖိုးများကို သိရှိနားလည်ခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရေးမှာလည်း ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြရန်အတွက်လည်းကောင်း၊ ထိုမှတစ်ဆင့်တက်ပြီး ပြည်သူများနှင့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့်လည်း ယဉ်ကျေးမှုအမွေအနှစ်ဖော်ထုတ်ထိန်းသိမ်းရေးနှင့်အတူ ကာကွယ်စောင့်ရှောက်လိုစိတ်များ မွေးဖွားလာစေရန်ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း စာတမ်း ဖတ်ပွဲများကို ဦးစီးဌာနများနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များတွေမှာ လစဉ် ဆောင်ရွက်သွားမှာဖြစ်ပြီး ကောင်းနိုးရာရာစာတမ်းများကို အများပြည်သူများ သိရှိလေ့လာနိုင်ရန် အတွက် နောင်တစ်ချိန်တွင် ပုံနှိပ်ထုတ်ဝေသွားမှာဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ အနေဖြင့် သုတေသနပိုင်းဆိုင်ရာနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်သည့်အခါ အရည်အသွေးရှိစွာ ဆောင်ရွက်နိုင်ရန် အတွေ့အကြုံနုနယ်သေးသည့် မျိုးဆက်သစ်လူငယ်များကို အတွေ့အကြုံအသိပညာများ ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်ပြီး ယခုလို စာတမ်းဖတ်ပွဲများကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နောင်တစ်ခေတ်မှာ ဌာန၏တာဝန်ကို လွှဲပြောင်း ရယူဆောင်ရွက်ကြမည့် မျိုးဆက်သစ် အရာထမ်း/အမှုထမ်းများအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို ယခုစာတမ်းဖတ်ပွဲက အတွေ့အကြုံ၊ ဝေမျှမှုတွေကို အခြေခံပြီး မိမိတို့အားသန်ရာ ဘာသာရပ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် သုတေသန အလေ့အကျင့်ကောင်းများ ဆက်လက်မွေးမြူပြီး လေ့ကျင့်ရေးသားဖော်ထုတ်သွားကြဖို့လိုအပ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က စာတမ်းဖတ်ပွဲကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး အစီအစဉ်အရ နံနက်ပိုင်းတွင် စာတမ်းရှင် ရှေး‌ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပင်လယ်(မိုင်းမော)မြို့ဟောင်း တူးဖော်သုတေသနစာတမ်း၊ မြောက်ဦးဌာနခွဲမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က ပျူနှင့်ရခိုင်ရှေးမြို့ဟောင်း မြို့တော်များ၏ တိုးတက်မှုဖြစ်စဉ်ကို နှိုင်းယှဉ်လေ့လာခြင်းစာတမ်းတို့ကို ဖတ်ကြားတင်သွင်းခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် စာတမ်းရှင်  ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဆွေက ပုဂံနဂါးရုံဘုရား အတွင်းရှိ ထူးခြားရှားပါသည့် သုတ္တံနံရံ ဆေးရေးပန်းချီလက်ရာများအား လေ့လာချက်စာတမ်း၊ ရှေး‌ဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)မှ လက်ထောက်ကထိက ဦးမာန်သစ်ငြိမ်းက မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ရသည့် သက်နှောင်းကပ်သက်တမ်းရှိ ဧရာဝတီကျောက်လွှာစုမှ ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းများစာတမ်း၊ ရှေး‌ဟောင်းသုတေသန နည်းပညာသင်တန်း ကျောင်း(ပြည်)မှ လက်ထောက်ကထိက ဒေါ်သွဲ့သွဲ့အေးက ပုဂံဒေသရှိ ရှေးဟောင်းရေကန်များနှင့် ၎င်းရေကန်များနှင့် ဆက်စပ်နေသည့် ရိုးရာဓလေ့စာတမ်း စုစုပေါင်း စာတမ်း(၅)စောင်ကို ဖတ်ကြားတင်သွင်းခဲ့ခြင်း အပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ(ငြိမ်း) ဦးခင်အောင်မြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်၊ ညွှန်ကြားရေးမှူးများဖြစ်သည့် ဒေါက်တာအေးအေးသင်း၊ ဦးအောင်အောင်ကျော်၊ ဒေါ်ဘေဘီ၊ ဦးအာကာကျော်မှလည်းကောင်း၊ ဒုတိယကျောင်းအုပ်ကြီး ဦးဟံရှိန်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်သီတာ၊ လက်ထောက်ကထိက ဦးမာန်သစ်ငြိမ်း၊ ဗိဿနိုးဌာနစု ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် သုတေသနလက်ထောက်-၁ ဦးတင်လတ်ယုတို့မှလည်းကောင်း၊ ပြင်ပဝန်ကြီးဌာနများ ဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး(၁)မှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီအောင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်မင်းသူတို့ကလည်းကောင်း ဆွေးနွေးမေးမြန်းချက် များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးထွန်းအုံက စာတမ်းဖတ်ကြားမှု အပေါ် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ညနေ(၅:၀၀)နာရီချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။