ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၊ ရွှေစည်းခုံဘုရားကြီးရှိ ချူအင်လိုင်းနားနေဆောင် အဆင့်မြှင့်တင်ခြင်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့၊ (၁၀:၀၀)နာရီတွင် ချူအင်လိုင်းတန်ဆောင်း၌ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး၊ H.E. Mr. Chen Hai ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများ၊ ဒေသမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai တို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို (၁၀:၃၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ညောင်ဦးမြို့နယ်၊ ရွှေစည်းခုံဘုရားရှိ ချူအင်လိုင်းတန်ဆောင်းသည် ၁၉၆၁ ခုနှစ်က တရုတ်နိုင်ငံ ဝန်ကြီးချုပ်ချူအင်လိုင်းသည် မြန်မာနိုင်ငံ၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရွှေစည်းခုံဘုရားသို့ လာရောက်ဖူးမြော်သည့် ဘုရားဖူး ပြည်သူများ နားနေ အပန်းဖြေနိုင်ရန် ချူအင်လိုင်းတန်ဆောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ ယခုဆိုလျှင် (၆၁) နှစ်ပြည့်ပြီဖြစ်ပြီး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် (၉) ကြိမ် လာရောက်ခဲ့ပြီး ချူအင်လိုင်းတန်ဆောင်းသည် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အစဉ် အလာကောင်း၏ ပြယုဂ်တစ်ခုလည်းဖြစ်ပါသည်။ တရုတ်လူမျိုးများသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ လာရောက်လည်ပတ်ခြင်း နှစ်ပတ်လည်အခမ်းအနားများကို ချူအင်လိုင်း တန်ဆောင်းမှာပင် ကျင်းပခြင်းများ ပြုလုပ်သည်ဟု သိရှိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်အဖွဲ့သည် သဗ္ဗညုဘုရား၌ ကျင်းပပြုလုပ် သည့် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း စတင် ဆောင်ရွက်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai တို့က အမှာစကား ပြောကြားကာ (၁၁:၄၀) နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
၂၄-၈-၂၀၁၆ ရက်နေ့တွင် လှုပ်ခတ်ခဲ့သောမြေငလျင်ကြောင့် ပုဂံ ယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ စေတီပုထိုးများအနက် (၃၈၉)ဆူထိခိုက်မှုရှိခဲ့ပြီး အဆိုပါ ပျက်စီးမှုများတွင် သဗ္ဗညု ဘုရားလည်းတစ်ဆူအပါအဝင်ဖြစ်ပါသည်။ သဗ္ဗညုဘုရားအား ထိန်းသိမ်းပြုပြင်ရန်အတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံပညာရှင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှု စာချွန်လွှာကို ၂၂-၉-၂၀၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရှင်အဖွဲ့သည် ၂၀၁၉ ခုနှစ် မိုးရာသီမတိုင်မီ အရေးပေါ်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ငလျင်ကြောင့် ထိခိုက်မှု နှင့်ပတ်သက်၍လေ့လာခြင်း၊ 3D Scan ဖတ်ခြင်း၊ ဘုရားနှင့် အနီးဝန်းကျင်တွင် ကွင်းဆင်း လေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆောက်အအုံနှင့် နံရံပန်းချီ ပြုပြင်ထိန်းသိမ်းနိုင်ရေး အတွက် လေ့လာခြင်းများ၊ တတိယလိုဏ်ပတ်လမ်းနှင့် စတုတ္ထလိုဏ်ပတ်လမ်းများရှိ ပေါင်းမိုးများတွင် ဖြစ်ပေါ်နေသည့် အက်ကွဲကြောင်းများကြောင့် ပေါင်းမိုးများ ကြံ့ခိုင်စေရန် ငြမ်းများ ထောက်ခံထားခြင်း၊ မိုးရေစိမ့်မှုမရှိအောင် ရေပိတ်လွှာ လောင်းခြင်း၊ ကွမ်းတောင်နှင့် စတုတ္ထပစ္စယာများ ကြံ့ခိုင်စေရန် သံခါးပတ် ပတ်၍ ထိန်းခြင်းများကိုလည်း ကြိုတင် ဆောင်ရွက်ခဲ့ပြီး ပုဂံဌာနခွဲမှစောင့်ကြည့်စစ်ဆေးခြင်း (Monitoring) ဆောင်ရွက်လျက်ရှိပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထိန်းသိမ်းရေးပညာရှင်များ၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံ များနှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အတွေ့အကြုံရှိသော ဝန်ထမ်းများ ပူးပေါင်းပြီး သဗ္ဗညုဘုရားကြီးကို ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။