သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ သည် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၇.၁.၂၀၂၂) ရက်နေ့ နေ့လယ်ပိုင်းတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် အဖွဲ့သည် ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် (၁၃.၁၂.၂၀၂၁) ရက်နေ့မှ (၁၄.၁.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိသည့် ပထဝီသတင်း အချက်အလက်စနစ် နည်းပညာဆိုင်ရာ Geographical Information System – (GIS) သင်တန်းသို့ သွားရောက်စစ်ဆေးခဲ့ပြီး သင်တန်းတက်ရောက်နေသော ဦးစီးဌာန အောက်ရှိ ဌာနခွဲ၊ ဌာနစုများမှ သင်တန်းသား ကျား(၁၁)ဦး၊ မ(၅)ဦး၊ စုစုပေါင်း(၁၆)ဦး တွေ့ဆုံ၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ သုတေသနလုပ်ငန်းများကို အထောက်အပံ့ပြုနိုင်မည့် မြေပုံရေး ဆွဲခြင်းလုပ်ငန်းများ အဆင့်မြှင့်တင်ရန်နှင့် ရှေးဟောင်းသုတေသန နှင့် ပထဝီဝင်ဆိုင်ရာသတင်း အချက်အလက်အထောက်အထားများစုစည်းမှုစနစ်တစ်ခုကို ထူထောင်နိုင်ရန် ရည်ရွယ်၍ GIS သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးလုပ်ငန်းစဉ်များနှင့် အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်များ၌ ပိုမိုထိရောက်စွာ လက်တွေ့အသုံးချ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းများ တစ်ခုပြီးတစ်ခုဖွင့်လှစ်နိုင်ရန် လျာထားပါကြောင်း၊ ယခု GIS သင်တန်းသည် ခေတ်နှင့်ကိုက်ညီသည့် သင်တန်းဖြစ်၍ ဌာနအတွက် အကျိုးရှိသကဲ့သို့ သင်တန်းသားများအတွက်လည်း အတတ်ပညာတစ်ရပ်တတ်မြောက်ခြင်းဖြစ်၍ အကျိုးရှိသဖြင့် အလေးအနက်ထား သင်ယူသွားကြရန်လိုကြောင်း၊ မိမိဌာနခွဲ၊ ဌာနစုများသို့ ပြန်ရောက်ရှိပါက လက်တွေ့အသုံးပြုနိုင်ရေးဆောင်ရွက်သွားကြရန် လိုကြောင်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်အဖွဲ့သည် ပုဂံမြို့ဟောင်းရှိ အနော်ရထာ မင်းတရားကြီးနှင့် ကျန်စစ်သားမင်းကြီးတို့၏ နန်းတော်ရာသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ သုတေသနဌာနစုမှ တာဝန်ရှိသူက ပုဂံမြို့တော်ကို (၄) နေရာရွှေ့ပြောင်းနန်းစိုက်ခဲ့ပါကြောင်း၊ ကျန်စစ်မင်းကြီး မှတ်တမ်းတင်ခဲ့သော ကျောက်စာတိုင်များ၏ ဖော်ပြချက်အရ ပုဂံနန်းတော်ကြီးကို သက္ကရာဇ် (၄၆၄) ခုနှစ်တွင် တည်ဆောက်ခဲ့ပါကြောင်း၊ ပုဂံမြို့အတွင်း ရွှေဂူကြီးဘုရား မြောက်ဘက်ရှိ နန်းတော်ရာနေရာကို ပုဂံနန်းတော်ရာနေရာဟုသတ်မှတ်၍ ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ၁၉၉၀ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိနှင့် ၂၀၀၃ ခုနှစ်၊ ၂၀၁၂ ခုနှစ်တို့တွင် တူးဖော် သုတေ သနပြုခဲ့ပါကြောင်း၊ တူးဖော်သုတေသနပြုချက်အရ မြေအိုးများ၊ ပစ္စည်းထားသို သည့် မြေတိုက်ကြီး၊ အုတ်ရေတွင်း၊ မြေကျင်းခွေများ၊ ရေနုတ်မြောင်းကြီး၊ အုတ်ရိုးတန်းနှင့် အုတ်ပတ်တိုင်ကျင်းရာများ တွေ့ရှိခဲ့ရပြီး Site Museum အဖြစ် ခင်းကျင်းပြသလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ ပါသည်။
၎င်းနောက် ဒုတိယဝန်ကြီးက နန်းတော်ရာ Site Museum သို့ အများပြည်သူများ ကြည့်ရှုနိုင်ရေး စနစ်တကျ ရှင်းလင်းပြသပေးရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဝင်ရောက်လေ့လာနိုင်ရေးဆောင်ရွက်ပေးရန်၊ တူးဖော်တွေ့ရှိသည့် အမွေအနှစ်များကို မပျက်စီး စေရေး ဌာနခွဲ ပညာရှင်ဝန်ထမ်းများက စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားခဲ့ ပါသည်။ ဆက်လက်၍ ဌာနခွဲ ဓာတ်ခွဲခန်းသို့ ရောက်ရှိရာ ဓာတ်ခွဲခန်းသုံးပစ္စည်းများ တပ်ဆင် ထားမှုများ၊ ဓာတ်ခွဲဆောင်ရွက်နိုင်ရန်အတွက်ပြင်ဆင်မှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများကို ဓာတ်ခွဲစမ်းသပ် ဆောင်ရွက်နိုင်ရန် အတွက်ဌာန ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများက ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်အဖွဲ့သည် မင်းနန်းသူကျေးရွာရှိ လေးထောင့် ကန်သို့ သွားရောက်ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ပုဂံခေတ်ရေအသုံးချမှုနှင့် တုရင်တောင်မှ ကျသောရေနှင့် အနီး ပတ်ဝန်းကျင်ချောင်းများမှ စီးဆင်းသောရေများကို သိုလှောင်ပြီး ရေစစ်ကန် များဖြစ်သည့် အလံပုဂံ၊ အလယ်ကန်၊ မင်းနန်သူလေးထောင့်ကန်၊ ညောင်လက်ဖက်ကန်၊ ရွှေထီးကန်၊ ရွှေနန်းရင်တော ကန်တို့မှတစ်ဆင့်ကျုံးထဲသို့ ဝင်ရောက်သည့် ရေစီးရေလာလမ်းကြောင်းများ၊ တိုးချဲ့ နေထိုင်မှုများနှင့် လယ်ယာလုပ်ကိုင်သူများ၏ရေစီးများကို ပိတ်ဆို့ကာ စိုက်ပျိုးရေးလုပ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ဆောင်ရွက်ခြင်းတို့သည် ရေလမ်းကြောင်းဟောင်းများ၏ ပုံမှန်ရေစီးဆင်း မှုအား အဟန့်အတား ဖြစ်စေပြီး ရေလမ်းကြောင်း တိမ်ကောစေခဲ့သဖြင့် ရေအရင်းအမြစ် အထောက် အထားများ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အချက်အလက်များကို ကွင်းဆင်းသုတေသနပြုခြင်း၊ ကွင်းစင်ကြယ် ကျေးရွာနှင့် အရှေ့ဖွားစောဧရိယာကြားရှိ ရေအသုံးချမှုဆိုင်ရာအရင်းအမြစ်များ ဖော်ထုတ် သုတေသနပြုခြင်းတို့ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini Budget ရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် မင်းနန်သူကျေးရွာ လေးထောင့်ကန်မှ စူဠာမဏိဘုရားအရှေ့ဘက်တံတိုင်းဘေးရှိ ရေစစ်ကန်(မကျည်းကန်)သို့ ရောက်ရှိပြီး ရှေးဟောင်း ရေကန်တွင် တူးဖော်သုတေသနပြုနေသော လုပ်ငန်းအဖွဲ့ တာဝန်ခံက ရေစစ်ကန် (မကျည်းကန်) သည် မင်းနန်သူကျေးရွာဘက်မှ စီးဆင်းလာသော ရေလမ်းကြောင်းများမှ တစ်ခု အပါအဝင် ဖြစ်ပါကြောင်း၊ ၎င်းကန်မှတစ်ဆင့် ဦးကျည်ပွေ့ကန်သို့ စီးဝင်ပြီး ရွှေနန်းရင်တောကန်ဘက်သို့ စီးဆင်းသွားပါကြောင်း၊ စူဠာမဏိဘုရား တံတိုင်းအတွင်းသို့ ဝင်ရောက်သောမိုးရေများကို တံတိုင်းအောက်ရှိ ရေထွက်ပေါက်မှ ယခု ရေစစ်ကန် (မကျည်းကန်) အတွင်းသို့ ထွက်လာပါကြောင်း၊ ရေစစ်ကန်(မကျည်းကန်)သည် နှစ်ကာလကြာစွာ အနည်ပို့ချမှု များကြောင့် တိမ်ကောလာ၍ ကန်အတွင်းရေသိုလှောင်နိုင်ခြင်းမရှိဘဲ စူဠာမဏိဘုရားတံတိုင်း အတွင်းသို့ ရေများဝင်ရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရေကန်၏မြေလွှာဖြစ်တည်မှုကို သိရှိနိုင်ရန်နှင့် ပြန်လည် ထိန်းသိမ်းမှု ဆောင်ရွက် နိုင်ရန် ယခု ၂၀၂၁-၂၀၂၂ Mini Budget တွင် ရေအရင်းအမြစ် အထောက်အထားများ ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် အချက်အလက်များကို ကွင်းဆင်းသုတေသန ပြုလုပ်ခြင်းကို ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ အနော်ရထာလမ်းပေါ်ရှိ ပုဂံမျှော်ဘုရား မြောက်ဘက် နှင့် ရွာဟောင်းကြီး ဘုရား တောင်ဘက်တို့တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေကျော်ဆောင်ရွက်မည့်နေရာ (၂) နေရာသို့ ရောက်ရှိစဉ် ညွှန်ကြားရေးမှူးချုပ်က ရေဝပ်မှု ဧရိယာအများဆုံးဖြစ်သည့် အဆိုပါ(၂) နေရာတွင် ရေစီးဆင်းမှုကောင်းစေရန်အတွက် ယဉ်ကျေးမှုအမွေအနှစ်ဒေသနှင့် ကိုက်ညီမည့်ပုံစံဖြင့် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားရန် စီမံထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထိုသို့ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီး က ပုဂံခေတ်ရေအသုံးချမှုနှင့် ရေလမ်း ကြောင်းများသည် ခေတ်အဆက်ဆက် တိုးချဲ့နေထိုင်မှုများ၊ လယ်ယာလုပ်ကိုင်မှုများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုတို့ကြောင့် မူလရေလမ်းကြောင်း ပြောင်းလဲသွားသဖြင့် ယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း အချို့နေရာများ၌ မိုးရာသီတွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ၎င်း ရေကြီးရေလျှံမှုကို ကာကွယ်နိုင်ရန်အတွက် မူလရေလမ်းကြောင်း ပြန်လည် ဖော်ထုတ်၍ ရေစီးရေလာ ကောင်းမွန်အောင် ဒေသရှိအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။