သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရေးသားပြုစု ထုတ်ဝေသော “ ကဗျာစပ်ချင် အတတ်သင်” စာအုပ်လှူဒါန်းပွဲအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ၁၃-၁-၂၀၂၂ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ တွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဝင်းမောင်နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်ထွန်းတိုး တို့ ပါဝင် တက်ရောက်ကြပါသည်။
ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက စာအုပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် (၇၃)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်စာပေပြိုင်ပွဲဆုပေးပွဲတွင် ကဗျာဆုရသူ(၁၀)ဦးအနက် (၂)ဦးသာ လူလတ်ပိုင်းဖြစ်၍ ကျန်ဆုရသူများမှာ အသက်အရွယ်ကြီးရင့်သူများ ဖြစ်သည်ကို တွေ့ရပါကြောင်း၊ ကျင်းပပြုလုပ်ခဲ့သောပြိုင်ပွဲများတွင် ကဗျာဆုရရှိသူ အများစုမှာ လူလတ်ပိုင်းနှင့်လူကြီးပိုင်းဝင်စပြု နေသူများသာဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြန်မာ ကဗျာစပ်နည်းသည် လူငယ်များ ကြားထဲသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိပါရဲ့လားဟု တွေးထင်မိပါကြောင်း၊ ကဗျာစာပေ လေ့ကျင့်မှု အားနည်းနေ၍ဖြစ်မည်ဟု သုံးသပ်မိပါကြောင်း၊ မြန်မာကဗျာမျိုးဆက် ပြတ်မသွားစေရေး အခြေခံ ကျကျ ဘယ်လိုဆောင်ရွက်သင့်သလဲဟု အဖြေရှာမိပါကြောင်း။
ပြိုင်ပွဲ များများလုပ်ဖို့ လိုအပ်သည်ဟု အဖြေရရှိပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဖြစ် သော မြန်မာကဗျာ ရှင်သန်ရေးနှင့်ထိန်းသိမ်းရေးအတွက် “ပြိုင်ပွဲ”သည် လိုအပ်ချက်တစ်ခုမှန်သော် လည်း အခြေခံမကျဟုလည်း ပြန်လည်သုံးသပ်မိပါကြောင်း၊ အရည်အချင်းပြည့်ဝသော ယှဉ်ပြိုင်သူ ကင်းမဲ့လျှင် ပြိုင်ပွဲကျင်းပရခြင်းသည် အကျိုးရှိမည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် “ကဗျာစပ်နည်း သင်ကြားလေ့ကျင့်ပေးရေး” သည် အခြေခံလိုအပ်ချက်ဟု ရှုမြင်ပါကြောင်း။
၁၉၈၀-ခုနှစ်ခန့်က မြန်မာကဗျာဖွဲ့နည်းစာအုပ်ကို ပြုစု ပြဋ္ဌာန်း၍ အခြေခံပညာကျောင်း များမှာ သင်ကြားပေးခဲ့ဖူးပါကြောင်း၊ ထို့ကြောင့် ထိုခေတ်က ကျောင်းသား၊ သူများသည် လေးလုံးစပ် အချိုး၊ အချင်းကဗျာများကို ရေးစပ်တတ်ကြကြောင်း၊ ကဗျာ သင်ကြားခြင်းမှာ ကဗျာဖြင့် အသက်မွေး ဝမ်းကြောင်းပြုရန်အတွက်သာမဟုတ်ဘဲ ယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထား၍ ချစ်မြတ်နိုးလာ စေရန်၊ မြန်မာကဗျာမှတစ်ဆင့် မြန်မာ့ဓလေ့၊ မြန်မာလူမျိုး၊ မြန်မာပြည်ကို ချစ်တတ်လာစေရန် ဖြစ်ပါ ကြောင်း၊ ဆရာကြီး ဇေယျက “ကဗျာပျောက်လျှင် လူမျိုးပျောက်မည်” ဟု သတိပေးခဲ့ပါကြောင်း။
ယနေ့ကဗျာပြိုင်ပွဲများတွင် ဆုများ ဆွတ်ခူးရရှိကြသော ကဗျာဆရာကြီးများမှာ ကဗျာ စပ်နည်းသင်သောခေတ်ကို မီခဲ့သူတွေ ဖြစ်ပါကြောင်း၊ မဂ္ဂဇင်းအစောင်စောင်တွင် လက်ရည်သွေးခွင့် ရရှိခဲ့ကြတဲ့သူတွေဖြစ်ပါကြောင်း၊ ယနေ့ ကဗျာဝါသနာရှင်လူငယ်များမှာ ဤအခွင့်အရေးကို မရရှာ ကြပါကြောင်း။
အနုပညာလုပ်ငန်းအသီးသီးဖြစ်သော အဆို၊ အက၊ အတီး၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်၊ ပြဇာတ် သင်ပေးသောကျောင်းနှင့် တက္ကသိုလ်များ ရှိကြပါသည်။ ဤတက္ကသိုလ်များတွင် ကဗျာ စပ်နည်း မသင်ပါကြောင်း။ ကဗျာသည် မြန်မာစာဘာသာရပ်တွင် ပါဝင်သဖြင့် မြန်မာစာ၏ အကိုင်းအခက်အဖြစ် ချဉ်းကပ်လေ့လာနည်းကိုသာ သင်ကြပါကြောင်း၊ ထို့ကြောင့် ကဗျာဝါသနာရှင် လူငယ်များ၏ ကဗျာသည် ကာရန်မဲ့ခေတ်ကဗျာဘက်သို့ ရောက်သွားသည်ကိုတွေ့ရပါကြောင်း။
ထို့ကြောင့် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော မြန်မာကဗျာ(ဝါ) ဂန္ထဝင်ကဗျာကို ထိန်းသိမ်း စောင့်ရှောက်ရေးတွင် တစ်နိုင်ငံလုံး ပြန့်နှံ့စေသော ကဗျာစပ်နည်းသင်ပေးခြင်းသည် အခြေခံကျသော နည်းဟု မြင်ပါကြောင်း၊ တစ်ပြိုင်နက်တည်းမှာပင် ကဗျာစပ်နည်းစာအုပ်များ၊ ကဗျာပြိုင်ပွဲများ၊ ကဗျာ ရွတ်ဆိုပွဲများ ရှိနေရမည် ဖြစ်ပါကြောင်း။
မိမိကဗျာဆရာဖြစ်လာခဲ့ခြင်းမှာလည်း ‘၇’ တန်းကျောင်းသားဘဝမှစတင်၍ ကဗျာကို စိတ်ဝင်စားခဲ့ပြီး ကဗျာစပ်နည်းစာအုပ်များကို လေ့လာပြီး လေ့ကျင့်ခဲ့ရပါကြောင်း၊မိမိ ကဗျာရေးတတ်ခြင်းမှာ “ကဗျာစပ်နည်းစာအုပ်” ကြောင့် ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မြန်မာလူငယ်များ ကဗျာစပ်နည်းကိုသိ၍ နှစ်သက်မြတ်နိုးတန်ဖိုးထားတတ် စေရန်၊ ကဗျာ၏အနှစ်သာရကို သိနားလည်စေရန် ရည်ရွယ်၍ ကဗျာစပ်နည်းစာအုပ် ထုတ်ဝေရခြင်း ဖြစ်ပါကြောင်း၊ ပထမအကြိမ် အုပ်ရေ ၃၅၀၀ ထုတ်ပြီးဖြစ်ပါကြောင်း၊ ယခု ဝန်ကြီးဌာန ၃ ခုရှိ စာကြည့်တိုက်များကို လှူဒါန်းရန် အုပ်ရေ ၅၀၀ ထပ်မံပုံနှိပ်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန(၂၀၀)အုပ်၊ ပညာရေးဝန်ကြီးဌာန(၂၀၀)အုပ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(၅၀)အုပ်၊ သာသာနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (၅၀)အုပ် လှူဒါန်းပေးသွားမည် ဖြစ်ပါကြောင်း။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင် အမျိုးသားစာကြည့်တိုက်(၂)ခု၊ အနုပညာ အထက်တန်းကျောင်း(၂)ခု၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (၂)ခုရှိပါကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များရှိ သဘင်ပညာဌာနများ၏ သင်ရိုးတွင် ကဗျာ ထူးထူးခြားခြား ပါဝင်သည်ကိုတွေ့ရပြီး ဇာတ်စာ၊ ဇာတ်စကား၊ ငိုချင်းများသည် ကဗျာဖြစ်ပါကြောင်း၊ အငြိမ့်မင်းသမီးခေါ်သည့် ခွန်းထောက်များသည်လည်း ကဗျာဖြစ်ပါကြောင်း၊ ပြင်ပမှ ကဗျာဆရာ ကြီးများကို ဖိတ်ခေါ်သင်ကြားပါကြောင်း၊ တစ်သက်တာစာပေဆုရရှိခဲ့သော ဆရာကြီး သူရဇော်မှ လာရောက် ပို့ချနေပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးကိုကိုက ပညာရေးဝန်ကြီးဌာနအတွက် “ ကဗျာစပ်ချင် အတတ်သင်” စာအုပ်(၂၀၀)အုပ်အား ဒုတိယဝန်ကြီး ဦးဇော်ဝင်းထံသို့လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအတွက် စာအုပ်(၅၀)အုပ်အား ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးထံသို့ လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအတွက် စာအုပ်(၂၀၀)အုပ်အား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ထွန်းတိုးထံသို့လည်းကောင်း၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအတွက် စာအုပ်(၅၀)အုပ်အား ဒုတိယဝန်ကြီး ဦးထွန်းအုံထံသို့ လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။