မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးဆွေးနွေး

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအားကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရခိုင်ပြနယ် ယဉ်ကျေးမှုအမွေအနှစ်ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များ တက်ရောက်ကြပါသည်။

ရှေးဦးစွာ မြောက်ဦးဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ရခိုင်တစ်မျိုးသားလုံး၏ အသည်းနှလုံးဟုပြောလျှင်မမှားနိုင်ကြောင်း၊ ထိုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အထူးဆန္ဒရှိသကဲ့သို့ လိုအပ်သည့် ပူးပေါင်းကူညီဆောင်ရွက်မှု များကို ယခင်နှစ်များနှင့် ယခုကာလပိုင်းများတွင်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင် ၂၀၂၁ မှ ၂၀၂၂ မီနီဘဏ္ဍာရေးနှစ်အတွင်း ဒြပ်မဲ့အမွေအနှစ်စာရင်းကောက်ယူခြင်းလုပ်ငန်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ တားမြစ်ချက် ဆိုင်းဘုတ်များစိုက်ထူခြင်းလုပ်ငန်း၊ ပြတိုက်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရန်ပုံငွေခွဲဝေချထားပေးထားပြီးဖြစ်ကြောင်း၊ မြောက်ဦးခေတ်ကိုယ်ပိုင်ဟန်ဖြင့် တည်ရှိခဲ့သော မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ထူးခြား ထင်ရှား ခံ့ညား ထည်ဝါလှသည့် တန်ဖိုး မဖြတ်နိုင်သော အရာများသည် ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆွဲဆောင်လျက်ရှိသော အချက်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် ထူးခြားထင်ရှားသော မြောက်ဦးအမွေအနှစ်ဒေသ၏ ယဉ်ကျေးမှုပြယုဂ်များကို ကာကွယ်စောင့်ရှောက်ရာတွင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို လက်တွေ့ကျပြီး ထိရောက်အောင် စီမံခန့်ခြွမှုစနစ်ဖြစ်ရန် အတွက် မြောက်ဦးဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ ထိန်းသိမ်းရေး ကော်မတီနှင့် ခရိုင်အဆင့် ပူးပေါင်းဆောင်ရွက်မှုကော်မတီများနှင့် အတူတကွ ထိထိ ရောက်ရောက် ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ကော်မတီတွဲဖက်အတွင်းရေးမှူး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းလွင်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများ ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးတို့က မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်း ပြီးစီးမှုဆိုင်ရာ အချက်အလက်များ၊ ကမ္ဘာ့အမွေအနှစ်တင်သွင်းရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကော်မတီဝင် များက မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်နယ်ဝန်ကြီးချုပ်အား ကမ္ဘာ့အမွေအနှစ်ကော်မတီသို့တင်ပြခဲ့သည့် အဆိုပြုစာတွဲကို ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။