“မိဘကျေးဇူးအကျိုးထူး” အဆို၊ အငို၊အပြော ရုပ်စုံသဘင်ဇာတ်တော်ကြီး ထုတ်လွှင့်ပြသနိုင်ရေးအတွက် ရိုက်ကူးပြီးစီး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊  အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)သည် ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သော “သဘင်ပညာဌာနတွင် သင်ကြားပို့ချလျက်ရှိသော မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးပညာရပ်အား ပြည်သူလူထုပိုမိုစိတ်ဝင်စားစေရေးအတွက် ရုပ်သေး ဖျော်ဖြေတင်ဆက်မှုများ စီစဉ်တင်ဆက်ခြင်း၊ ရုပ်သံလွှင့်မီဒီယာများဖြင့် ရိုက်ကူးထုတ်လွှင့်တင်ဆက် ခြင်းနှင့် အခြားသော ကမ္ဘာ့ရုပ်သေးပညာရပ်များနှင့်ပေါင်းစပ်၍ ဆန်းစစ်တီထွင်မှုများ ဆက်လက် ဆောင်ရွက်သွားရန်” ဟူသော လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ တက္ကသိုလ်၏ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာ့ရိုးရာအနုသုခုမပညာရပ်များအနက် ရုပ်စုံသဘင်ပညာ တိမ်ကောပပျောက်မှု မရှိစေရေး ရည်ရွယ်၍ ငါးရာ့ငါးဆယ်နိပါတ်တော်၊ ပကိဏကနိပါတ်၊ ကေဒါရကျေးမင်းဇာတ်ကို မှီးသည့် “မိဘကျေးဇူးအကျိုးထူး” အဆို၊ အငို၊ အပြော ရုပ်စုံသဘင်ဇာတ်တော်ကြီးကို အများပြည်သူတို့အား ဖျော်ဖြေတင်ဆက်ထုတ်လွှင့်ပြသနိုင်ရေးအတွက် သဘင်ပညာဌာန၊ ဂီတပညာဌာန၊ ပန်းချီပညာဌာန နှင့် ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ ဆရာ၊ဆရာမများ၏ ဆောင်ရွက်ချက်၊ ရုပ်သံကျွမ်းကျင်ဝန်ထမ်း များ၏ ပံ့ပိုးမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ရိုက်ကူး၊ တည်းဖြတ် ပြီးစီးပြီဖြစ်ပါ သဖြင့် အများပြည်သူတို့အား ထုတ်လွှင့်ပြသနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။