သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၊ ကူညီပံ့ပိုးပေးခဲ့သည့်ပုဂ္ဂိုလ်များနှင့် ပါဝင်ဖျော်ဖြေခဲ့ကြသည့်ပုဂ္ဂိုလ်များအား ဂုဏ်ပြုသည့်အခမ်းအနားသို့ တက်ရောက်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန(၁၀)ခုတို့မှ ဝန်ထမ်းများ၊ (၇၅)နှစ် မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ဖျော်ဖြေ ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနယဉ်ကျေးမှုရတနာခန်းမ၌ ၁၃-၂၀၂ ရက်နေ့၊ နံနက် (၀:၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ ကူညီပံ့ပိုးပေးခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ဝန်ထမ်းအင်အား ၇၄၂ ဦးထက်မနည်း ပူးပေါင်းပါဝင်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဖျော်ဖြေရေး ဆပ်ကော်မတီနှင့် ပြည်နယ်/ တိုင်းဒေသကြီးအမည်စာလုံး ပုံဖော်ရေးတာဝန် ဆောင်ရွက်ခဲ့ရပါကြောင်း၊ ဖျော်ဖြေရေးကဏ္ဍတွင် ဖျော်ဖြေသူ အနုပညာရှင်များ၏ လှပကောင်းမွန်သော အနုပညာအရည် အသွေးများ ဖော်ထုတ်နိုင်ရန် နောက်ကွယ်မှစီစဉ်ညွှန်ကြား၊ သင်ကြားပြသသူ၊ အသံ၊ မီးအလင်းအမှောင်၊ ရုံးပိုင်းဆိုင်ရာ စီမံ ခန့်ခွဲမှုပြုသူများ၊ အစားအသောက်၊ မှတ်တမ်းမှတ်ရာကဏ္ဍ၊ ဘဏ္ဍာရေးဆိုင်ရာ စနစ်တကျ သုံးစွဲနိုင်စေရေးစသည့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများကို မေ့ထား၍မရပါကြောင်း၊ နေပြည်တော် တွင် ထုတ်လုပ်အင်အားအပြင် ရန်ကုန်၊ မန္တလေးရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် များ၊ ထုတ်လုပ်ဌာနခွဲများ၊ အနုပညာအထက်တန်းကျောင်းများမှ အင်အားများ ကို ခေါ်ယူဖြည့်တင်း ပေးခဲ့ရပါကြောင်း၊

            ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး တာဝန်ယူသူများအနေဖြင့်လည်း အချိန်နှင့် တစ်ပြေးညီ လစ်ဟာမှုမရှိရလေအောင် စွမ်းဆောင်နိုင်ခဲ့ကြသူများဖြစ်ပါကြောင်း၊ အခြားဝန်ကြီးဌာန များနည်းတူ ဝန်ကြီးဌာနကိုယ်စားပြုတပ်ခွဲလည်း တက်ကြွစွာ ချီတက်ဂုဏ်ပြုခဲ့ပါကြောင်း၊ ထို့ပြင် အငြိမ်းစားယူပြီး ဖြစ်သော်လည်း မိမိဌာန၏ လိုအပ်ချက်ကို အားဖြည့်ကူညီကြသော အနုပညာရှင် (အငြိမ်းစား)များ၊ ရုပ်ရှင်သရုပ်ဆောင် ဦးခန့်စည်သူနှင့် ပြည်ထောင်စုသွေးသီချင်း စပ်ဆိုသူ တေးရေးစာဆို နောင်မွန်တို့ကိုလည်း ကျေးဇူးတင်ပါကြောင်း၊

               ယနေ့အခမ်းအနားကြီးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ဝန်ကြီးဌာနစိတ်ဓာတ်၊ အနုပညာသမားပီသသော အနုပညာသည်စိတ်ဓာတ်၊ နိုင်ငံ့ဝန်ထမ်းကောင်း ပီသသော နိုင်ငံ့ဝန်ထမ်းစိတ်ဓာတ်အပြည့်အဝဖြင့် မိမိဝန်ကြီးဌာနက ဆောင်ရွက်ရသောလုပ်ငန်း တာဝန်များကို အပြည့်အဝထမ်းဆောင်ခဲ့ကြသည်ကို မြင်တွေ့ရပါကြောင်းနှင့် ဂုဏ်ပြုချီးမွမ်း ထိုက်သူများဖြစ်ကြပါကြောင်း ပြောကြားခဲ့ပါသည်။

               ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန (၁၀)ခုတို့မှ ဝန်ထမ်းများ၊ ပြည်နယ်/ တိုင်းဒေသကြီးများ၏ အမည်စာလုံးသရုပ်ဖော်ဆောင်ရွက်နိုင်ရေး ပါဝင်ကြီးကြပ်ခဲ့သော အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် နှင့် ဝန်ထမ်းများ၊ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်လူငယ်နှင့် စာပေပွဲတော် ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ဖျော်ဖြေခဲ့ကြသည့် အနုပညာဦးစီးဌာနမှ အငြိမ်းစား ဂီတပညာရှင်(၃)ဦးနှင့် အနုပညာရှင်ဝန်ထမ်းများ၊ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ တက် ရောက်ရန် လာရောက်ကြသော တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့မှ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များအား ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့သည့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ဒုတိယပါမောက္ခချုပ်နှင့် နည်းပြများ၊  (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ညစာစားပွဲအခမ်းအနားတွင် နောက်ခံ LED ပုံရိပ်ပိုင်းဆိုင်ရာများကို ကူညီပံ့ပိုး ဆောင်ရွက်ပေးခဲ့သော Myanmar Computer Company L.td.(MCC)မှကျောင်းအုပ်ဦးကျော်သက်အောင်နှင့် နည်းပြများ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများအား ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက လက်ခံရယူခဲ့ကြပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက ဦးစီးဌာနများ၏ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ၁၁:၀၀ နာရီတွင် ဂုဏ်ပြုအခမ်းအနား ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။