ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၏ သုတေသနဆိုင်ရာစာတမ်းဖတ်ပွဲ(၂/၂၀၂၂)ကျင်းပပြုလုပ်

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၏ သုတေသန ဆိုင်ရာအထောက်အထားများလေ့လာဖော်ထုတ်ရေး၊ ဌာနဝန်ထမ်းများ၏သုတေသန စွမ်းရည်တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ သုတေသနဆိုင်ရာစာတမ်းဖတ်ပွဲ (၂/၂၀၂၂)ကို ယနေ့နံနက်ပိုင်း(၉း၀၀)နာရီအချိန်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်၊ အစည်းအဝေးခန်းမငယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ စာတမ်းဖတ်ပွဲသို့ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း၊ စာတမ်းသဘာပတိများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စာတမ်းရှင်များ၊  ဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး အခြားဌာနခွဲများမှဝန်ထမ်းများက Online မှတဆင့် တက်ရောက် ခဲ့ကြပါသည်။

စာတမ်းဖတ်ပွဲတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင် က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း က စာတမ်းဖတ်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့ပါသည်။  ထို့နောက် စာတမ်းရှင်များ၏စာတမ်းဖတ်ကြားခြင်းကို ဆောင်ရွက် ခဲ့ပါသည်။ စာတမ်းများအနေဖြင့် ဦးနေလှိုင်မွန်(ဒု-ဦးစီးမှူး)က ဘုရားအမှတ်(၂၀၀၃) ကမ္မ ကျောင်းဦးဘုရားရှိ နံရံဆေးရေးပန်းချီလေ့လာချက်၊ ဒေါ်ရီရီဝင်း(ကွန်ပျူတာလုပ်ဆောင် ရေးမှူး)က  ရှေးဟောင်းဝတ္ထုပစ္စည်းများဖြစ်သော သတ္တုပစ္စည်းများအား ဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ဒေါ်သန်းသန်းမြင့်(ဒု-ဦးစီးမှူး)က ဘုရားအမှတ်(၅၈၈) အဇ္ဇဂေါဏ ဘုရားမှ ဗိသုကာနှင့် နံရံပန်းချီများလေ့လာချက် စာတမ်းတို့ကို အသီးသီးဖတ်ကြားခဲ့ပါသည်။