ဌာနတွင်း ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲပြုလုပ်

ဝန်ထမ်းများ ကွန်ပျူတာကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်အသုံးပြုနိုင်ရေးနှင့် လုပ်ငန်းများ အစဉ်ပြေချောမွေ့စေ‌ရေး ရည်ရွယ်ချက် ဖြင့် ဌာနတွင်း ကွန်ပျူတာ အခြေခံသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်း သုတေသနပြတိုက်တွင် (၁၅.၂.၂၀၂၂) ရက်နေ့ နေ့လည်(၀၁:၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို ပုဂံဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်း ဒေသကြီး ယဉ်ကျေးမှုကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းသား/သူ (၁၉)ဦးတို့ တက်ရောက်ခဲ့ကြသည်။

ဌာနတွင်း ကွန်ပျူတာ အခြေခံသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားတွင် ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ဤသင်တန်းဖွင့်လှစ်ရခြင်းမှာ ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရန်နှင့် ခေတ်စနစ်နှင့်အညီ ကွန်ပျူတာကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်စေရေး၊ ကွန်ပျူတာနှင့် ပတ်သက်သည့် အသိပညာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပါကြောင်း၊ ဤအခြေခံသင်တန်းမှ စ၍ ပိုမိုတိုးတက်လာစေရေး သင်တန်း သူ/သားများ ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ ဆက်လက်၍လည်း သင်တန်းများထပ်မံဖွင့်လှစ် သင်ကြားသွားရန် အစီအစဉ်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အစီအစဉ်အရ သင်တန်း ဆရာ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးမှ  သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး သင်တန်းသားများမှ မိတ်ဆက်စကားပြောကြားခဲ့ကြပါသည်။ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးက နိဂုံးချုပ် စကားပြောကြားပြီးနောက် တက်ရောက်လာသူ သင်တန်းသူ/ သားများနှင့် ယဉ်ကျေးမှုကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များ၊ သင်တန်းဆရာ/ဆရာမများ နှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကိုနေ့လည် (၀၂း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။