သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲအခမ်းအနား ကျင်းပပြုလုပ်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲအခမ်းအနားအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် နေပြည်တော် ရုံးအမှတ် ၃၅၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကိုဗစ် ၁၉ စည်းကမ်းချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး (သာသနာရေး)၊ ဝန်ကြီးရုံး(ယဉ်ကျေးမှု)၊ သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ အနုပညာဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့မှ ထမနဲအသင်း (၇) သင်းတို့က တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြပြီး အနုပညာဦးစီးဌာနမှ အနုပညာရှင်များက အိုးစည်၊ ဒိုးပတ်အကအလှများဖြင့် သီဆို ဖျော်ဖြေခဲ့ကြပါ သည်။

          နှစ်စဉ်ထမနဲထိုးပွဲများ ကျင်းပပေးခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးတမ်း အစဉ်အလာ များကို မြတ်နိုးတန်ဖိုးထားခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage)များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အချင်းချင်းပေါင်းစည်းညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ ပါသည်။