သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ရှေးဟောင်းသုတေသန၊ ပြတိုက်နှင့် ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်ပွဲသို့ တက်ရောက် ရန်ကုန် ၊ မတ် ၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲနှင့် အမျိုးသားပြတိုက် (ရန်ကုန်)တို့ပူးပေါင်း၍ “ရှေးဟောင်းသုတေသန၊ပြတိုက် နှင့်ထိန်းသိမ်းရေးဆိုင်ရာစာတမ်းဖတ်ပွဲ ” ကို အမျိုးသားပြတိုက် (ရန်ကုန်)၊ ဘက်စုံခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ပါမောက္ခချုပ်၊ သဘာပတိများဖြစ်သောဒေါက်တာတိုးလှ (ဒုတိယဥက္ကဋ္ဌ(၂)၊ မြန်မာသမိုင်းအဖွဲ့)၊ ဒေါက်တာသိန်းလွင် (ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဦးစိန်ဝင်း (ဒုတိယညွှန်ကြားရေးမှူးချုပ်-ငြိမ်း)၊ ဒေါက်တာ အောင်နွေဦး (ဌာနမှူး၊ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်) ၊ ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ သတင်းမီဒီယာများ၊ စာတမ်းရှင်များ၊ စိတ်ဝင်စား၍ စာရင်းပေး တက်ရောက်သည့် ပုဂ္ဂိုလ်များ နှင့် ဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၆၉) ဦး တက်ရောက် ခဲ့ကြပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ တွင် ရှေးဟောင်းသုတေသနသည် မြေပေါ်မြေအောက်ရှိ ရှေးဟောင်းအထောက် အထားများကို ရှာဖွေ ဖော်ထုတ်ပြီး၊  ပြည်သူလူထုကို အသိပညာပေးနိုင်ရန် အမျိုးသားပြတိုက် (ရန်ကုန်)တွင် ပြသခြင်းဖြင့် အများပြည်သူများကလည်း မိမိတို့၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကိုသိရှိနားလည်တန်ဖိုးထား၍  ဝိုင်းဝန်းထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာနိုင် ကြောင်း၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှေးဟောင်းသုတေသနနှင့် ပြတိုက် ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ရက်တိုသင်တန်းများကို အမျိုးသားပြတိုက်(ရန်ကုန်)နှင့်ရှေးဟောင်းသုတေသန(ရန်ကုန်ဌာနခွဲ)မှအရာထမ်း၊ အမှုထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ ကိုလံဘီယာနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဗြိတိသျှကောင်စီ၊ ဂျပန်နိုင်ငံ Kyoto University စသည့် ပြည်ပနိုင်ငံအဖွဲ့အစည်းများ၊ ပညာရှင်များနှင့်ပူးပေါင်း၍ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းများ၊ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲ နှင့် အသိပညာနှီးနှောဖလှယ်ပွဲများ၊ အပြည်ပြည်ဆိုင်ရာ ပြတိုက်များ နေ့တွင် စာတမ်းဖတ်ပွဲများ ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ ယနေ့ပြုလုပ်သည့် စာတမ်းဖတ်ပွဲမှာ သုတေသနစာတမ်း(၆)စောင် ဖတ်ကြားသွားမည် ဖြစ်ကြောင်း၊ စာတမ်းရှင်များသည် ရှေးဟောင်း သုတေသနဆိုင်ရာနှင့် ပြတိုက်ဆိုင်ရာလုပ်ငန်းများကို လက်တွေ့လုပ်ငန်းခွင် နယ်ပယ်အသီးသီး တွင် ပါဝင်ဆောင်ရွက် နေကြသူများဖြစ်၍ ယခုလိုစာတမ်းဖတ်ပွဲ များမှတဆင့် တစ်ဦးနှင့်တစ်ဦး အမြင်ချင်းဖလှယ်ပြီး မိမိတို့မှာရှိသည့် အတွေ့အကြုံများ နှီးနှောဖလှယ်ကာ အကြံဉာဏ်ကောင်း များရရှိအောင် ဆွေးနွေးတိုင်ပင် ညှိနှိုင်းကြရန်လိုအပ်ကြောင်း၊ ထို့အတူ ပြတိုက်များကို Digital Museum အဖြစ် အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းများကိုလည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ကြမည်ဟုမျှော်လင့်မိပါကြောင်း၊ ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ပြတိုက်အများစုသည် Digital Platform ပေါ်တွင် လျှောက်လှမ်းနေကြပြီဖြစ်၍ မိမိတို့ ပြတိုက်များအနေဖြင့်လည်း Digital Platform ပေါ် လျှောက်လမ်းနိုင်ရန်အတွက် Digital Museum အဖြစ် အကောင်အထည် ဖော်နိုင်ရေး လုပ်ငန်းများကိုလည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊  ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်း တာဝန်ကို မိမိတတ်မြောက်သည့် အတတ်ပညာ ဖြင့် စွမ်းအားဖြည့်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ပညာရှင်များအနေဖြင့် မျိုးဆက်သစ်လူငယ်များကို ဆရာစားမချန်ဘဲ လက်ဆင့်ကမ်းပညာ အမွေ ပေးရန် လိုအပ်ပါကြောင်း၊  ဌာနတွင်း စာတမ်းဖတ်ပွဲများကို ဦးစီးဌာန၏ ဌာနခွဲ၊ဌာနစုအသီးသီးမှာ လစဉ် ပုံမှန်ဆောင်ရွက်ကြပြီး စာတမ်းဖတ်ပွဲမှရရှိလာသောအကျိုးရလာဒ်များကို လက်တွေ့တွင် အကောင်အထည် ဖော်ဆောင်ရင်း အခြားဆက်စပ်ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းနှင့်အတူ ပြည်သူလူထုထံသို့ အသိပညာ ပေးခြင်းများ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်မိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ဌာနတွင်းစာတမ်းဖတ်ပွဲများ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းတင်ပြ ခဲ့ပြီး စာတမ်းဖတ်ပွဲကို အစီအစဉ်အတိုင်း ကျင်းပခဲ့ပါသည်။

နံနက်ပိုင်းတွင် စာတမ်းရှင် ဦးထူးအောင်ချွန် (ဒုတိယဦးစီးမှူး၊ ပဲခူးဌာနခွဲ) က “ပဲခူးမြို့၊ ကျောက်စာရုံများရှိ ကျောက်စာချပ်များလေ့လာချက်”၊ စာတမ်းရှင် ၊ ဒေါ်တင်သက်သက်ဇော် ပြတိုက်လက်ထောက်-၄၊ အမျိုးသားပြတိုက် (ရန်ကုန်) က “The Throne with Cultural relations between Myanmar and India” ၊ စာတမ်းရှင် ၊ ဦးခင်မောင်လေး (ဒုတိယဦးစီးမှူး၊ ရန်ကုန်ဌာနခွဲ) က “ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ပြားကျေးရွာအနီး စကြာတောင်ပေါ်၌ ရှိသော စေတီ၊ ဂူဘုရားများ၏ ဗိသုကာနှင့် အနုပညာ လက်ရာလေ့လာချက်” တို့ကိုလည်းကောင်း၊ နေ့လယ်ပိုင်းတွင် စာတမ်းရှင်  ဦးခင်မောင်စိုး (လက်ထောက်ညွှန်ကြားရေးမှူး၊ ထားဝယ် ဌာနခွဲ)က “တနင်္သာရီမြို့ဟောင်းတူးဖော်မှု ပြုလုပ်နိုင်ရန် ပဏာမ ကွင်းဆင်းခြင်းနှင့် ဂဝံထုတ်လုပ်ရာဒေသ သုတေသနလုပ်ငန်း” စာတမ်းရှင် ဒေါ်တင်နုနုမိုး  ဒုတိယဦးစီးမှူး ၊ အမျိုးသားပြတိုက် (ရန်ကုန်) က “Digital Museum”  နှင့် စာတမ်းရှင် ဦးလှပြုံး (ဒုတိယဦးစီးမှူး၊ ရန်ကုန်ဌာနခွဲ) က “စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း ခရိုင်၊ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ယဉ်ကျေးမှုအမွေအနှစ်များလေ့လာချက်” စာတမ်းတို့ကိုလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ပါသည်။

ဖတ်ကြားသောစာတမ်းများနှင့် ပတ်သက်၍ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာသင်းသင်းအေး၊ ရန်ကုန် တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာန ပါမောက္ခ ဒေါက်တာ စိုးနီထွန်း၊ အမျိုးသားပြတိုက် (ရန်ကုန်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီသောင်း၊ဦးစီးအရာရှိ ဒေါ်နှင်းနှင်း မြောက်ဦး ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချယ်ရီသင်းနှင့် တက်ရောက်လာသည့် ပညာရှင်တို့က မေးမြန်းဆွေးနွေးဖြည့်စွက်အကြံပြုခဲ့ကြ ပြီး အခမ်းအနားအစီအစဉ်အရ ဖတ်ကြားသော စာတမ်းများနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က သုံးသပ်တင်ပြပြီး စာတမ်းဖတ်ပွဲကို ညနေ (၄) နာရီတွင် ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားစဉ်
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က စာတမ်းဖတ်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းတင်ပြစဉ်