(၅၃) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ အစည်းအဝေး 53rd Meeting of ASEAN Committee on Culture and Information (53rd ASEAN-COCI Meeting) ကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေး ကျင်းပ

အာဆီယံပဋိဉာဉ်စာချုပ်ပါ မူဘောင်အရ အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေး ကော်မတီ အစည်းအဝေးများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အိမ်ရှင်အဖြစ် လက်ခံ၍ ဥက္ကဌတာဝန်ယူကာ အလှည့်ကျကျင်းပလျက်ရှိရာ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီးနောက်ပိုင်း အလှည့်ကျရောက်သည့် (၃၅) ကြိမ်မြောက် ASEAN-COCI အစည်းအဝေးကို ၂၀၀၀ခုနှစ်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ (၄၃)ကြိမ်မြောက် ASEAN-COCI အစည်းအဝေးကို ၂၀၀၈ ခုနှစ်တွင် နေပြည်တော်၌ လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဥက္ကဋ္ဌ တာဝန်ယူ၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပြီး ဖြစ်ပါသည်။
ယခုထပ်မံအလှည့်ကျသော (၅၃) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေး ကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံ၊ နေပြည်တော်၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ၇.၈.၂၀၁၈ ရက်၊ အင်္ဂါနေ့၊ နေ့လယ်(၁)နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များနှင့် ပါမောက္ခချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်က ယနေ့ကျင်းပသော အစည်းအဝေးသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၅၃)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ အတွက် ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ဌာနအသီးသီးက ကိုယ်စီတာဝန်ယူ၍ ပူးပေါင်းပါဝင်နိုင်ရေး မေတ္တာရပ်ခံပါကြောင်း၊ (၅၃)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေး ကော်မတီ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ဖြစ်သော အာဆီယံနိုင်ငံများမှ  တက်ရောက်မည့် ကိုယ်စားလှယ်၏ ပြည်ဝင်ခွင့်ဗီဇာများ အချိန်မီရရှိရေး၊ အစည်းအဝေးကျင်းပ မည့်နေရာနှင့် ဧည်သည်တော်များ တည်းခို နေထိုင်ရန် ဟိုတယ်များ စီစဉ်ထားရှိနိုင်ရေး၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ အစားသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ အခမ်းအနားပြင်ဆင်မှုနှင့့်် ဖျော်ဖြေရေး ဆိုင်ရာကိစ္စရပ်များ၊ ကြိုဆိုနေရာချထားရေးနှင့် သတင်းထုတ်ပြန်ရေးတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးရန်တို့ကို ပူးပေါင်းကူညီပေးနိုင်ရေးကို မေတ္တာရပ်ခံ ပါကြောင်းနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီကြရန် အသေးစိတ်ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.