(၇၀)ကြိမ်မြောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များ ပါဝင်သော ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်မြို့၊ မတ်လ ၁၀ ရက်

(၇၀)ကြိမ်မြောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များပါဝင်သော မျက်နှာစုံညီ အစည်းအဝေးကို သာသနာတော်နှစ် ၂၅၆၅၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း(၉)ရက်၊ ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်(ကြာသပတေးနေ့)၊ နံနက် ၀၉၀၀ နာရီတွင် အမှတ်(၁၃၁)၊ ကမ္ဘာအေးစေတီလမ်း၊ အနုပညာအထက်တန်းကျောင်း (ကမ္ဘောဇ ရိပ်သာဝင်း)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

              သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် ရှေးယခင် ခေတ် အဆက်ဆက်မှ မျက်မှောက်ကာလတိုင် အရှည်တည်တံ့လျက်ရှိသော ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ် များ၊ ဓလေ့ထုံးတမ်းများကို သက်ဆိုင်ရာပညာရှင်များဖြင့် ညှိနှိုင်းပေါင်းစပ်၍ မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့၏ နှစ်စဉ်ပြက္ခဒိန်တွက်ချက်သည့် လုပ်ငန်းသည်လည်း တာဝန်တစ်ရပ်ဖြစ်ပါသည်။ “ပြက္ခဒိန်အကြံပေးအဖွဲ့”သည် တိုင်းရင်းသား လုပ်သားပြည်သူအပေါင်းတို့ သုံးစွဲရန် နိုင်ငံတော်မူ နှင့် တွက်ချက်သော ပြက္ခဒိန်တော်ကို နှစ်စဉ်တွက်ချက်၍ နိုင်ငံတော်သို့ တင်သွင်းရပါသည်။ “ပြက္ခဒိန်အကြံပေးအဖွဲ့” တွင် နိုင်ငံတော်က ခန့်အပ်သော ရဟန်းပညာရှင်၊ လူပညာရှင်ကြီးများ ပါဝင်၍ ထိုပုဂ္ဂိုလ်ကြီးများသည် နှစ်စဉ်နှစ်တိုင်း အနုပညာဦးစီးဌာနသို့ ကြွရောက်စုဝေးကာ နိုင်ငံတော်ပြက္ခဒိန် တွက်ချက်ရန် အစည်းအဝေး ကျင်းပဆောင်ရွက်ကြပါသည်။

              အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေး အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညိန္ဒ၊ ဒုတိယ(၁) ဥက္ကဋ္ဌ ဒေါက်တာ အောင်ချစ်၊ ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာပြေငြိမ်းနှင့် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ဝင်များ စုံညီစွာ တက်ရောက် ခဲ့ကြပါသည်။ အစည်းအဝေး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညိန္ဒက အဖွင့်အမှာစကား မြွတ်ကြားပါသည်။

             ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကား တင်ပြလျှောက်ထားရာတွင် ယနေ့ထက်တိုင် အသုံးပြုလျက်ရှိသော မြန်မာ သက္ကရာဇ်၊ တစ်နည်းအားဖြင့် ကောဇာသက္ကရာဇ်ကို သက္ကရာဇ် ၅၃၅ ခုနှစ်တွင် နန်းတက်သည့် ပုဂံ၏ ၂၀ဆက်မြောက် ပုပ္ပါး စောရဟန်းမင်းလက်ထက် သက္ကရာဇ် ၅၆၂ ခုနှစ်တွင် ၅၆၀ ခုကိုဖြို၍ အကြွင်း ၂ မှစတင်ကာ ရေတွက်သတ်မှတ်ခြင်း၊ သင်္ကြန်ကျချိန်၊ အတာကူးချိန်၊ ဝါဆိုလပြည့်နှင့် ဝါကပ်ရက် သတ်မှတ်ခြင်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

             ယခုခေတ်ကာလတွင် မြို့ပြဒေသများ၌ ရုံးသုံးအဖြစ် ခရစ်နှစ်၊ လ၊ ရက်များကို အသုံး များကြသော်လည်း မြန်မာတို့၏ ကျေးလက်တောရွာများ၌ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ သီးနှံစိုက်ပျိုးရိတ်သိမ်းခြင်း၊ အလှူဒါန မင်္ဂလာအခမ်းအနားများ ပြုလုပ်ခြင်းနှင့်တကွ အိုးအိမ် ထူထောင်ခြင်းများတွင် မြန်မာတို့၏ကောဇာသက္ကရာဇ်ကို အခြေပြုသည့်နေ့ကောင်းရက်သာများ ရွေး၍ ဆောင်ရွက်လျက်ရှိနေဆဲဖြစ်ပါသည်။ ထို့နည်းတူစွာ သာသနာ့ဝန်ထမ်း ရဟန်းမြတ်များ၏ ဝါဆို၊ ဝါကပ်ခြင်းများကိုလည်း မြန်မာပြက္ခဒိန်၏သတ်မှတ်ရက်အပေါ်တွင် မူတည်၍ဆောင်ရွက် တော်မူလျက်ရှိကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံပြက္ခဒိန် ပညာရှင်များအဖွဲ့အနေဖြင့် ဝါကြီး ထပ်၊ ဝါငယ်ထပ်နှင့် ဝါထပ်ရက်ငင်များကို တွက်ချက်ရာတွင် ရဟန်းသံဃာတော်များအတွက်  သာသနာတော်ဆိုင်ရာ ဝိနည်းတော်များနှင့် ကိုက်ညီမှုရှိစေရန် အထူးဂရုပြု၍ အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

             ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ရှေးဘုရင်များ လက်ထက်မှစ၍ ပြက္ခဒိန် တော်ဆက်အဖွဲ့များကို ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ပါသည်။ ရတနာပုံခေတ်၊ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် စင်္ကြာဒေဝီမိဖုရား၊ ကင်းဝန် မင်းကြီး ဦးကောင်း၊ ယောအတွင်းဝန် ဦးဘိုးလှိုင်နှင့် စာဆိုတော် စလေဦးပုညတို့သည် ကောင်းကင်နက္ခတ်၊ ဂြိုဟ်နေဂြိုဟ်သွားများကို လေ့လာ လိုက်စား ၍ တတ်ကျွမ်း နားလည်သူများ ဖြစ်ခဲ့ကြပါသည်။

             လွတ်လပ်ရေးရပြီးခေတ်တွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့ ကို ပြည်ထောင်စုမြန်မာနိုင်ငံလုံးဆိုင်ရာ ပြက္ခဒိန်တော်ဆက်အဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းအဖွဲ့တွင် မြန်မာနိုင်ငံအောက်ပိုင်းမှ ပညာရှင် ၁၀ဦး၊ မြန်မာနိုင်ငံအထက် ပိုင်းမှ ပညာရှင် ၁၀ ဦးတို့ ပါဝင်ခဲ့ပါသည်။ ၁၉၅၆ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော မြန်မာနိုင်ငံအောက်ပိုင်းမှ ပညာရှင် ၁၁ဦး၊ မြန်မာနိုင်ငံ အထက်ပိုင်းမှ ပညာရှင် ၁၀ ဦးတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ၁၃၆၃ ခုနှစ်၊ တော်လှန်ရေး ကောင်စီ လက်ထက်တွင်  နိုင်ငံတော်ပြက္ခဒိန်အကြံပေးအဖွဲ့ဟု ပြောင်းလဲပြင်ဆင်ပြီး မြန်မာနိုင်ငံ အထက်အောက် မခွဲခြားဘဲ အဖွဲ့ဝင် ၁၀ ဦးဖြင့်လည်းကောင်း၊ ၁၉၈၄ ခုနှစ်တွင် အဖွဲ့ဝင် ၈ ဦး ဖြင့်လည်းကောင်း ဖွဲ့စည်း​ဆောင်ရွက်ခဲ့ပါသည်။

             ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံပြက္ခဒိန် ပြက္ခဒိန်အကြံပေးအဖွဲ့ဟု အမည် ပြောင်းလဲ ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်အချို့မှာ အသက်အရွယ်အရ နုတ်ထွက်ခြင်း၊ အချို့ ကွယ်လွန်ခဲ့ခြင်း တို့ကြောင့် ၂၀၁၇ ခုနှစ်တွင် အဖွဲ့ဝင် ၃ ဦးသာ ကျန်ရှိ သည့်အတွက် နိုင်ငံတော်သမ္မတရုံး၏ ၂၁.၈.၂၀၁၇ ရက်စွဲပါ  စာအမှတ်၊ ၇၀၈ (၁)/ ၁၄/သမ္မတရုံးအရ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေး အဖွဲ့ကို  ပြန်လည်ပြင်ဆင် ဖြည့်စွက်ဖွဲ့စည်းဆောင်ရွက်ရာတွင် အဖွဲ့ဝင်စုစုပေါင်း၂၃ ဦး ပါဝင် သည့် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ယနေ့ချိန်တွင် အဖွဲ့ဝင် ၁၈ ဦး၊ အရန်အဖွဲ့ဝင် ၂ ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

             ပြက္ခဒိန်အကြံပေး အဖွဲ့အနေဖြင့် ပြည်သူအများ သုံးစွဲရန် နိုင်ငံတော် “မူ” ဖြင့် တွက်ချက်ထားသော  မြန်မာ၊ ရခိုင်၊ အင်္ဂလိပ် ပြက္ခဒိန်တော်ကို နှစ်စဉ်တွက်ချက်တင်သွင်းနိုင်ရန်၊ ပြက္ခဒိန် တွက်ချက်မှုနှင့် သက်ဆိုင်သည့် နက္ခတ္တဗေဒ ရှေးရိုးရာ သင်္ချာ၊ ကမ္ဘာ့ ပြက္ခဒိန်များ၊ နေ၊ လကြတ်ခြင်း စသည့်ပညာရပ်များကို သုတေသနပြုခြင်း၊ နက္ခတ်တာရာများကို မှန်ပြောင်းဖြင့်  ကြည့်ရှုလေ့လာခြင်း၊ သုတေသနစာတမ်းများဖတ်ခြင်း၊ နက္ခတ္တဗေဒဆိုင်ရာ ဝေါဟာရ အဘိဓာန် ပြုစုခြင်းနှင့် ရှေးဟောင်းကျမ်းကြီးများကို ဘာသာပြန်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် နိုင်ရန် မူလကပင် တာဝန်များသတ်မှတ်ခဲ့ ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့က ရေးဆွဲပြုစုထားသော မူမှန်ပြက္ခဒိန်ကို အိမ်ဆွဲပြက္ခဒိန်အဖြစ် ရိုက်နှိပ်ထုတ်ဝေ၍  အများပြည်သူ များ လွယ်လင့်တစ်ကူ လေ့လာကြည့်ရှု အသုံးပြုနိုင်ရန်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ပုံနှိပ်ထုတ်ဝေ သူများအား သင့်လျော်သော နှုန်းထားဖြင့် နှစ်စဉ် ရောင်းချဖြန့်ဝေပေးလျက်ရှိပါသည်။

             ထို့အပြင် ယခုအခါတွင် ပြင်ပပညာရှင်များက မဟာသင်္ကြန်စာကို ရေးသားထုတ်ဝေနေ ကြသည်ဖြစ်သောကြောင့် ဝိဝါဒကွဲပြားဖွယ် တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အထောက်အထား ဖြင့် ခိုင်ခိုင်မာမာ ဖြေရှင်းနိုင်ရန်နှင့် နိုင်ငံတော်မှတ်တမ်းအဖြစ် ထိန်းသိမ်းထားရှိနိုင်ရန်  ပြက္ခဒိန် အကြံပေးအဖွဲ့ အနေဖြင့် မဟာသင်္ကြန်စာများကိုလည်း တစ်နှစ်လျှင် တစ်ကြိမ် နိုင်ငံတော်မူ အဖြစ် ပြုစုရေးသားရန် တာဝန်ဝတ္တရား များလည်းပါရှိပြီးဖြစ်ပါသည်။

             ဝါဆို၊ ဝါကပ်၊ လထပ်၊ ရက်ငင်နှင့်ပတ်သက်၍ မှားယွင်းလျက်ရှိသည်၊ မရှိသည်ဆိုသော ဝိဝါဒကို ဖြေရှင်းရန်၊ နှစ်စဉ် နှစ်တိုင်း အများပြည်သူ ရှင်လူ အပေါင်းတို့ တစ်ညီတစ်ညွတ်တည်း လိုက်နာအသုံးပြုနိုင်ရန်၊ ခေတ်မီမှန်ကန်သော ပြက္ခဒိန်ကို တွက်ချက်တင်သွင်းရန် အစရှိသည့် အချက်များကို လိုအပ်သောကြောင့် နိုင်ငံတော်ပြက္ခဒိန်တော်ဆက်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

             ထို့ကြောင့် ယနေ့ကြွရောက်တော်မူလာကြသည့် ဥက္ကဋ္ဌဆရာတော်နှင့်တကွ ဒုတိယ ဥက္ကဋ္ဌ (၁)၊ ဒုတိယ ဥက္ကဋ္ဌ (၂)အပါအဝင် အဖွဲ့ဝင် ပညာရှင်ကြီးများ အနေဖြင့် ယခင့်ယခင်နှစ်များ နည်းတူ ရှေးနှစ်ပေါင်းများစွာကပင်ရှိပြီးဖြစ်သည့် မြန်မာ့ပြက္ခဒိန်တွက်နည်းစနစ်များ၊ မဟာ သင်္ကြန်စာ ရေးသားမှုပညာရပ်များ တိမ်ကောပပျောက်မှု မရှိစေရေးအတွက် သာသနာ့အကျိုး၊ နိုင်ငံနှင့် လူမျိုးအကျိုးကို ရှေးရှု၍ ထိန်းသိမ်းဆောင်ရွက်ခြင်း၊ လက်ဆင့်ကမ်းမျှဝေခြင်းများ ဆောင်ရွက်နိုင်ကြပါရန် ပန်ကြားအပ်ပါသည်ဟု ထည့်သွင်းလျှောက်ထားခဲ့ပါသည်။

              ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က (၇၀)ကြိမ်မြောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ (မျက်နှာစုံညီ) အစည်းအဝေး ကျင်းပခြင်းနှင့် စပ်လျဉ်း၍ တင်ပြလျှောက်ထားပြီး မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့ဝင် ဆရာကြီးများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညိန္ဒက လိုအပ်သည်များကို ပြန်လည်မိန့်ကြားခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ပြက္ခဒိန်ကို ပညာရပ်တစ်ခုအနေဖြင့် တစ်နှစ်ဒီပလိုမာ သင်တန်း အဖြစ်  ပို့ချနိုင်ရေး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၏ စာတမ်း ဖတ်ပွဲများတွင် ပြက္ခဒိန်ပညာရပ်များအား စာတမ်းရေးသားပြုစု၍ ထည့်သွင်းဖတ်ကြားနိုင်ရေးနှင့် ပြက္ခဒိန်အကြံပေးအဖွဲ့ဝင် ပညာရှင်များ ၆ လလျှင်တစ်ကြိမ် တွေ့ဆုံ၍ ပညာရပ်ဆိုင်ရာ ကိစ္စရပ် များအား ညှိနှိုင်းဆွေးနွေးနိုင်ရေး လျာထားဆောင်ရွက်သွားရန် ပြောကြားခဲ့ပြီး အခမ်းအနား ကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပါသည်။

              အဆိုပါ အစည်းအဝေးအား (၅)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး  မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်အတွက် မဟာသင်္ကြန်စာနှင့် မြန်မာသက္ကရာဇ် ၁၃၈၄-၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်အတွက် မူမှန်ပြက္ခဒိန်အား ရေးဆွဲအတည်ပြုကြမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။