သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ နှစ်(၇၀)မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက် နေပြည်တော်၊ ၂၃-၃-၂၀၂၂

 ၂၀၂၂ ခုနှစ်၊ မတ်လ(၂၂)ရက်နေ့တွင် ကျရောက်သည့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ နှစ်(၇၀)မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနယဉ်ကျေးမှုရတနာခန်းမ ၂၃-၂၀၂ ရက်နေ့၊ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ ပါဝင် တက်ရောက်ကြပါသည်။

              ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဝန်ကြီးဌာန၏နှစ်ပတ်လည်နေ့အခမ်းအနား ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတို့ဟာ နိုင်ငံကြီးငယ်မဟူ မိမိတို့နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံးတမ်းများ၊ မိမိတို့နိုင်ငံရဲ့ အနု သုခုမအစဉ်အလာများနဲ့ မိမိတို့နိုင်ငံရဲ့ ကောင်းမြတ်တဲ့သမိုင်းကြောင်းများကို အစဉ်သဖြင့် အမြတ်တနိုးထိန်းသိမ်းပြီး နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံရာမှာ ဂုဏ်ပုဒ်တစ်ခုအဖြစ် ထည့်သွင်း သတ်မှတ်လေ့ရှိကြပါကြောင်း၊

              နိုင်ငံရဲ့ဂုဏ်ပုဒ်ကို ညွှန်းပြုဖော်ဆောင်နိုင်ဖို့အတွက် ၁၉၅၂ ခုနှစ်၊ မတ်လ(၂၂)ရက်နေ့မှာ “ပြည်ထောင်စုယဉ်ကျေးမှုဌာန” အမည်နဲ့ စတင်ဖွဲ့စည်းခဲ့၍ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်( ၂/၂၀၁၅)အရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ယဉ်ကျေးမှုဌာနအနေဖြင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ သမိုင်းသုတေသန နှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အနုပညာဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်၊ မန္တလေး)ဟူ၍ ဖွဲ့စည်းလျက် ယဉ်ကျေးမှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊       

              ထို့အတူ ပန်တျာနဲ့ ပန်းချီပန်းပုကျောင်းများကလည်း ပန်တျာဘွဲ့ခံ ထင်ရှားသော သဘင်အနုပညာရှင်များ၊ ဆိုင်း၊ စောင်း၊ စန္ဒရား၊ တယော၊ နှဲ၊ ပတ္တလား အစရှိတဲ့ အတီးပညာရှင်များ၊ အဆိုပညာရှင်များ မြောက်များစွာ ပေါ်ထွန်းခဲ့သလို ပန်းချီပန်းပုနယ်ပယ်မှာ အောင်မြင်ထင်ရှားတဲ့၊ စံပြုလောက်တဲ့ အနုပညာရှင်ပေါင်း မြောက်များစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊

              သာသနာရေးနှင့်ယဉ်ကျေးမှုကို ပေါင်းစပ်ထားသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ဆိုသည်မှာ နိုင်ငံနှင့် အမျိုး၊ ဘာသာ၊ သာသနာအတွက် ဘာသာတရား အဆုံးအမများနှင့်အညီ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ကမ္ဘာတည်သရွေ့ တည်ရှိနေစေရန် ကြိုးပမ်း ဆောင်ရွက်နေတဲ့ ဝန်ကြီးဌာနကြီးတစ်ခု ဖြစ်ပါကြောင်း၊

              ဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးအဆင့် အရာထမ်းကြီးများသည် ဌာန၏ အထက်အောက် လုပ်ငန်းများကို အဆင်ပြေချောမွေ့စေရန် အဓိကချိတ်ဆက်ဆောင်ရွက်ပေးရသူများဖြစ်၍ မိမိတို့ တာဝန်ယူထားသော သက်ဆိုင်ရာဘာသာရပ်နယ်ပယ်အပြင် အခြားဆက်စပ်လျက်ရှိသော နယ်ပယ် များကိုပါ သိရှိနားလည်ကျွမ်းကျင်နေစေရန် ကြိုးစားလေ့လာကြရန် လိုအပ်ပါကြောင်း၊ ဆုံးဖြတ်ချက် ချမှတ်ရာတွင် မှန်ကန်ရမည်ဖြစ်ပြီး မိမိလက်အောက်ရှိ ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်မှုရှိစေရန် တာဝန် ယူဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဌာနတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရန်အတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကျောသား ရင်သား မခွဲခြားဘဲ မိဘနဲ့သားသမီးသဖွယ် မိသားစုသံယောဇဉ်ထားရှိပြီး ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊

              နိဂုံးချုပ်အနေဖြင့် ဝန်ကြီးဌာန၏ ကောင်းမြတ်သော သမိုင်းကြောင်းအမွေအနှစ်ကို ပုခုံး ပြောင်း တာဝန်ယူလက်ဆင့်ကမ်း၍ ယနေ့ နှစ်(၇၀)ပြည့်မှသည် ကမ္ဘာတည်သရွေ့ အဓွန့်ရှည် တည်တံ့စွာဖြင့် ယဉ်ကျေးမှုရေးရာကဏ္ဍများကို ဆောင်ရွက်ရာတွင်-

-မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များနှင့်အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ခိုင်မာရေးဆောင်ရွက်ခြင်း၊

-သမိုင်းဝင်ရှေးဟောင်းဒေသများ၊ အဆောက်အအုံများနှင့် ပစ္စည်းများ စသည့် ရှေးဟောင်း အမွေအနှစ်များ ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊

-ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ရေးနှင့် တစ်ဆက်တစ်စပ်တည်းသော ခိုင်မာ သည့် မြန်မာ့သမိုင်းစဉ်ဖော်ထုတ်ရေးအတွက် အထောက်အကူဖြစ်စေရန် ဆောင်ရွက်ခြင်း၊

-ပြည်တွင်း၊ ပြည်ပ ယဉ်ကျေးမှုအမွေအနှစ်များ၊ စာပေအမွေအနှစ်များ၊ အထောက်အထား အချက်အလက်များ စုဆောင်းထိန်းသိမ်း ဝန်ဆောင်မှုပေးရာ ပြတိုက်နှင့် စာကြည့်တိုက် များကို ဗဟိုဌာနအဖြစ်ရပ်တည်၍ သတင်းအချက်အလက်များအား ဝန်ဆောင်မှုပေးရန် ဆောင်ရွက်ခြင်း၊

-ယဉ်ကျေးမှုဘာသာရပ်ဆိုင်ရာများ ကျွမ်းကျင်သူများ မွေးထုတ်ပေးရန် ဆောင်ရွက်ခြင်း။

ဟူသည့် မူဝါဒများအတိုင်း ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။

              ထို့နောက် ထူးချွန်ဆုရဝန်ထမ်းများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်း၊ တာဝန်ရှိသူများက ဧည့်သည်တော်များအား အမှတ်တရလက်ဆောင် ပေးအပ် ချီးမြှင့်ခြင်း၊ ဝန်ထမ်းများအား ကံစမ်းမဲဖောက်ပေးခြင်း၊ အကျွေးအမွေးများဖြင့် ဧည့်ခံခြင်းတို့ကို ပြုလုပ်ကြပြီး တေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသော အနုပညာဦးစီးဌာနမှ အနုပညာရှင် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။