ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (နေပြည်တော်)မှ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ တူးဖော်၊ ‌ရှေးပစ္စည်း၊ ကမ္ပည်း ကျောက်စာဌာနခွဲမှ (၂၁-၂-၂၀၂၂)ရက်နေ့နှင့်(၈.၃.၂၀၂၂) ရက်နေ့ တို့တွင်  နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရီမြို့နယ်နှင့် တပ်ကုန်းမြို့နယ် အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးများ၊ ကျေးရွာများ၊ စာသင်ကျောင်းများ  သို့သွားရောက်၍ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ခဲ့ ပါသည်။

အသိပညာပေးဟောပြောပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ၊ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခဲ့သောဒေသများ အကြောင်း၊ သမိုင်းမတင်မီခေတ်၊ သမိုင်းတင်ခေတ်ဦး၊ သမိုင်းတင်ခေတ်ဆိုင်ရာများအကြောင်း၊ ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊  ယဉ်ကျေးမှု၏ အဓိပ္ပာယ်၊ ရှေးဟောင်းဝတ္ထုပစ္စည်း၏အဓိပ္ပာယ်၊ ရှေးဟောင်း ဝတ္ထုပစ္စည်းများ လာရောက်အပ်နှံပါက ဆုကြေးငွေချီးမြှင့်ခြင်းဆိုင်ရာ အချက်အလက်များ၊ ရှေးဟောင်း ဝတ္ထုပစ္စည်းများ ကိုယ်ပိုင်ထိန်းသိမ်းခွင့်ဆိုင်ရာ အချက်အလက်များ အကြောင်း ဌာနမှ ဖွင့်လှစ်ထားသည့် ပြတိုက်များနှင့် ဆောင်ရွက်နေသည့် လုပ်ငန်များအကြောင်းတို့ကိုလည်း အသေးစိတ်ရှင်းလင်း ပြောကြား ခဲ့ပြီး ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပြည်သူများအနေဖြင့် မိမိတို့ဌာနနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။

အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများအား လက်ကမ်းစာဆောင်များဝေငှခြင်း၊ “ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနှင့် နည်းဥပဒေ” ၊ “ရှေးဟောင်းအဆောက် အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနှင့် နည်းဥပဒေ” စာအုပ်များ ဝေငှခဲ့ပြီး Mask နှင့် လက်သန့်ဆေးရည်ဘူးများ ပေးဝေကာ အချိုရည်များဖြင့် ဧည့်ခံခဲ့ပါသည်။

ဟောပြောပွဲသို့ တက်ရောက်လာသူများမှ ပြန်လည် ဆွေးနွေးရာတွင် ယခုကဲ့သို့ အသိပညာပေး ဟောပြောပွဲများကို စိတ်ဝင်စားပါကြောင်း၊ ယခုလို လာရောက်ရှင်းလင်း ပြောကြားပေးသည့်အတွက် ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ ရှေးဟောင်း အဆောက်အအုံများ၊ ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် သတ်မှတ်ခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ယခင်က  မိမိတို့မသိရှိခဲ့သည့် အကြောင်းအရာများကို သိရှိခွင့်ရ၍ ကျေးဇူးတင်ရှိပါကြောင်း၊ တစ်နှစ်လျှင် တစ်ကြိမ် လာရောက် ဟောပြောပေးစေလိုကြောင်း၊ ဒေသခံ  ကျေးရွာသူ/ ကျေးရွာ သားများက မိမိတို့ ထံတွင်ရှိသည့် ဘိုးစဉ် ဘောင်ဆက်အသုံးပြုခဲ့သော ကြေးအလေးများကို ဆက်လက်ထိန်းသိမ်းထားကြောင်း၊ ကျောင်းအုပ်များနှင့် ဆရာ/ဆရာမများအား သီးသန့်ဖိတ်ကြား၍ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ကာ ၎င်းတို့မှ တစ်ဆင့် ကျောင်းသား/ ကျောင်းသူတို့ထံ အသိပညာဖြန့်ဝေမည်ဆိုပါက ပို၍ကောင်းမွန်မည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။