မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတစ်ခုဖြစ်သည့် လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော်(Puppet Festival of Lancang-Mekong) ဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက်ပိုင်းက မန္တလေးမြို့၊မြနန်းဘုံစံရတနာပုံခန်းမတွင် Vitualစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါ သည်။ အခမ်းအနားတွင် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Chan Hai၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးကော်မတီနိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော် ကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်ဦးအောင်ဆန်းဦး၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခဌာနမှုးများ၊ ဆရာ၊ဆရာမများ၊ မြန်မာနိုင်ငံကိုယ်စားပြု ရုပ်သေးပညာရှင်ကြီး များနှင့် တာဝန်ရှိသူများ လန်ချန်း-မဲခေါင်းဒေသတွင်းနိုင်ငံများ ဖြစ်သောကမ္ဘာဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရုပ်သေးပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရအခမ်းအနားကို အမှတ်စဉ်ရေတွက်၍ ဖွင့်လှစ်ခဲ့ပြီးနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကို က Vitual စနစ်ဖြင့် အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မဲခေါင် – လန်ချန်း မြစ်ဝှမ်းတစ်လျှောက်မှာ ရှေးယခင်ကတည်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ဟာ မဲခေါင်မြစ်ကို အမှီသဟဲပြု၍ အတူတကွတည်ရှိခဲ့ကြပြီး ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ ရိုးရာရုပ်သေးပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ဆိုင်ရာမှာ ယခုခေတ် လူငယ်များဟာ ရိုးရာရုပ်သေးပညာရပ်ကို စိတ်ဝင်စားမှု လျော့နည်း လာပြီး အခက်အခဲအချို့ကို ရင်ဆိုင်နေကြရတဲ့အတွက်ကြောင့် ဒေသတွင်းနိုင်ငံများအနေနဲ့ ရိုးရာရုပ်သေးပညာရပ်ကို မျှဝေရန်နှင့် ရိုးရာဓလေ့များကို ဒေသတွင်းနိုင်ငံများမှ လူငယ်များ အား အသိပညာမြှင့်တင်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊
ထို့ကြောင့် မဲခေါင် – လန်ချန်း ဒေသတွင်းရှိ အဖွဲ့ဝင် (၆) နိုင်ငံမှ ရုပ်သေးပညာရှင်များ ပါဝင်သည့် လန်ချန်း – မဲခေါင် ရုပ်သေးပွဲတော်ကို ၂၀၂၂ ခုနှစ် မတ်လ (၃၀) ရက်နေ့မှ (၃၁) ရက်နေ့အထိ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး)မှာ Vitual စနစ်ဖြင့် ယခုကဲ့သို့ လက်ခံကျင်းပ ပြုလုပ်ရခြင်းဖြစ် ကြောင်း၊
မျက်မှောက်ခေတ်ကာလ ယဉ်ကျေးမှုဖလှယ်ခြင်းမှတဆင့် လူမှုအသိုက် အဝန်းများ ဖြစ်သော ဘာသာစကား၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ပွင့်လင်းမြင်သာမှုများ ခိုင်မြဲလာ စေရန်နဲ့ အချင်းချင်း အပြန်အလှန် နားလည်မှု တိုးမြှင့်လာစေရန်မှာ အလွန်အရေးကြီး ပါကြောင်း၊ ယခု ရုပ်သေးပွဲတော်သည် မဲခေါင် – လန်ချန်း ဒေသတွင်းမှာရှိတဲ့ အဖွဲ့ဝင် (၆) နိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် ရုပ်သေးပညာရှင်များအကြား အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရမည့် မဲခေါင် – လန်ချန်း ယဉ်ကျေးမှု ဖလှယ်ရေး နယ်ပယ်တည်ထောင်နိုင်ရန် ရည်ရွယ်လျက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊
လန်ချန်း – မဲခေါင် ရုပ်သေးပွဲတော်သို့ မဲခေါင် – လန်ချန်း ဒေသတွင်း အဖွဲ့ဝင် ၆ နိုင်ငံမှ တစ်နိုင်ငံလျှင် ရုပ်သေးပညာရှင် ၅ ဦးနှင့် ခေါင်းဆောင် ၁ ဦး၊ စုစုပေါင်း ၆ ဦးစီ ဖိတ်ကြား ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင် ၆ နိုင်ငံမှ ရုပ်သေးပညာရှင်များရဲ့ ရုပ်သေး အကများ တင်ဆက်ကပြခြင်း၊ မိမိတို့နိုင်ငံ၏ ရုပ်သေးပညာဆိုင်ရာ သရုပ်ပြမှုများ ပြုလုပ်ခြင်းနှင့် စာတမ်း ဖတ်ကြားခြင်းများကို ဆောင်ရွက်ကြမှာ ဖြစ်ပါကြောင်း၊
မဲခေါင် – လန်ချန်း ဒေသတွင်း နိုင်ငံများရှိ ရုပ်သေးပညာရှင်များ တွေ့ဆုံကျင်းပသည့် ရုပ်သေးပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ကြသော မဲခေါင် – လန်ချန်းဒေသတွင်းရှိ အဖွဲ့ဝင် ၆ နိုင်ငံမှ ရုပ်သေးပညာရှင် ကိုယ်စားလှယ်များအား ပြည်ထောင်စုသမ္မတနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ရုပ်သေးပွဲတော်မှ တစ်ဆင့် မဲခေါင် – လန်ချန်း ဒေသတွင်း နိုင်ငံများရှိ အနုပညာရှင် လူငယ်များအကြား အချင်းချင်း အပြန်အလှန် ချစ်ခင်ယုံကြည်မှု တစ်ဦး၏ ယဉ်ကျေးမှုကိုတစ်ဦးက အပြန်အလှန်လေးစားတန်ဖိုးထားမှု၊ အချင်းချင်း အတူတကွ ပူးပေါင်းဆောင်ရွက်တတ်မှု၊ အတွေးအမြင်သစ်များ အပြန်အလှန် ဖလှယ်နိုင်မှု များ တိုးတက်ရရှိပါစေကြောင်းနှင့် ရုပ်သေးပွဲတော် ကျင်းပသည့် ကဏ္ဍအားလုံး အောင်မြင်ပါ စေရန် ဆုမွန်ကောင်းတောင်း လိုက်ပါကြောင်း ပြောကြားသွားပါသည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Chan Hai နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားများအသီးသီး ပြောကြားခဲ့ကြပါသည်။
ထို့နောက်အစီအစဉ်အရ မြန်မာ့ရုပ်သေးအက အစီအစဉ်များဖြစ်သော နတ်ကတော် အက၊ ဇော်ဂျီအက၊ အရုပ်နှင့် လူကကြိုးတူအကနှင့် လန်ချန်း-မဲခေါင်ဂုဏ်ပြုသီချင်း (ရုပ်သေးအက)တို့ဖြင့် တင်ဆက်ပြသခဲ့ကြပြီး နေ့လယ်ပိုင်းတွင် သက်ဆိုင်ရာနိုင်ငံ အသီးသီးမှ ရုပ်သေးပညာရှင်များက မိမိတို့ရုပ်သေးပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်းကာ ရုပ်သေးအနုပညာအရည်အသွေးများ မြင့်မားလာစေရန်နှင့် ရိုးရာရုပ်သေးပညာများကို မြတ်နိုးလာစေရန် ဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ စာတမ်းများ ဖတ်ကြားဆွေးနွေးခဲ့ကြ ပါသည်။
လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်(Puppet Festival of Lancang-Mekong) ကို ၃၁ – ၃ – ၂၀၂၂ ရက်နေ့တွင်ဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။