၂၇ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများ အစည်းအဝေး

၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူး၍ Video Conferencing စနစ်ဖြင့် (၂၇) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ (ASCC) ဝန်ကြီးများအစည်းအဝေးအား (၃၀.၃.၂၀၂၂) ရက်နေ့ နံနက် မြန်မာစံတော်ချိန် ၀၈:၃ဝ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

          အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ ဝန်ကြီးဖြစ်သူ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်၍ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးဖြစ်သူ၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်မြင့်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရုံးအမှတ် (၃၅)၊ နေပြည်တော်မှ ပါဝင်တက်ရောက် ကြပါသည်။

          အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနဝန်ကြီး H.E Dr. Hang Chuon Naron က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ အာဆီယံ ဥက္ကဌတာဝန်ယူစဉ် ၂၀၂၂ ခုနှစ်အတွင်း ချမှတ်ထားသော Theme ဖြစ်သည့် ASEAN A.C.T: Addressing Challenges Together ဟူသည့် ဆောင်ပုဒ်နှင့်အညီ စည်းလုံးညီညွတ်မှုနှင့် စီးပွားရေးချိတ်ဆက်မှုတို့ကို လက်ကိုင်ထား၍ အာဆီယံတန်ဖိုးများဆီသို့ လက်တွဲ ဆောင်ရွက်ရန် ယုံကြည်မှုရှိပါကြောင်း၊ ASCC ၏ ဦးစားပေးမှုများ၊ ပဏာမခြေလှမ်းများနှင့် ယခုနှစ်တွင် ဆောင်ရွက်နိုင်မှုတို့သည် ဘုံရည်မှန်းချက်ဆီသို့ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ လာမည့် ၄၀ ကြိမ်မြောက်နှင့် ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးများတွင် အတည်ပြုလက်ခံမည့်ရလဒ် မှတ်တမ်း မှတ်ရာများသည် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ၏ ရည်မှန်းချက်များနှင့် အောင်မြင်မှုများကို ထင်ဟပ် နေပါကြောင်း၊ ပဏာမခြေလှမ်းများဖြစ်သည့် ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေ များ၊ သဘာဝဘေးအန္တရာယ်များ၊ လက်ရှိနှင့် ကိုဗစ်-၁၉ ရောဂါအလွန် ပတ်ဝန်းကျင်တွင် သာတူညီမျှအရည်အသွေးရှိသော ပညာရေးရရှိရေး၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး၊ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးပြဿနာ များ အပါအဝင် လက်ရှိနှင့် အနာဂတ်စိန်ခေါ်မှုများကို တုံ့ပြန်မည်ဖြစ်ပါကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေး၌ ကမ္ဘောဒီးယားနိုင်ငံ၊ ပညာရေး၊ လူငယ်နှင့် အားကစား ဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီး   H.E.  Dr.  Dy  Khamboly က  ၃၂  ကြိမ်မြောက်  အာဆီယံ  လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာအဆင့်မြင့် အရာရှိကြီးများ အဆင့်အစည်းအဝေး ဆိုင်ရာ အစီရင်ခံစာကို တင်ပြခဲ့ပါသည်။

၂၇ ကြိမ်မြောက်  အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများ အစည်းအဝေး၌ ၂၀၂၂ခုနှစ် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူစဉ်ကာလ အတွင်း ဆောင်ရွက်မည့် ဦးစားပေးနယ်ပယ်များဖြစ်သည့် အာဆီယံ၏ စံတန်ဖိုးများ၊ အသိအမြင်နှင့် စရိုက်လက္ခဏာများကို မြှင့်တင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့်အာဏာတိုးမြှင့်ပေးရေး၊ အာဆီယံပြည်သူများ၏ ကျန်းမာရေး၊ ကြွယ်ဝပြည့်စုံရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးတို့ကို တိုးမြှင့်စေရေး၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက် အဝန်း၏ အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ကို အားကောင်းစေရေးတို့ အတွက်လည်းကောင်း၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ၄၀ ကြိမ်မြောက်နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများသို့တင်ပြမည့် အစီရင်ခံစာများအား အတည်ပြုခြင်း၊ ၂၇ ကြိမ်မြောက်  အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ၏ ပူးတွဲကြေညာချက် (မူကြမ်း)ကို အတည်ပြုခြင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွက် စတင်ဆောင်ရွက်မည့် Reopen, Recover, and Resilience in Education နှင့် ၄၀ ကြိမ်မြောက်နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး များသို့ တင်သွင်းမည့် မှတ်တမ်းမှတ်ရာများ  ၉ ခုကို အတည်ပြုရန်အတွက် လည်းကောင်း၊ မှတ်တမ်းတင်မည့် မှတ်တမ်းမှတ်ရာ ၂၃ ခုတို့၏ အခြေအနေများ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊  ၂၇ ကြိမ်မြောက်  အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက် အဝန်းကောင်စီ၏ မှတ်တမ်းအကျဉ်းချုပ်အား အတည်ပြုရန်အတွက်လည်းကောင်း ဆွေးနွေး ခဲ့ကြပါသည်။

          ထို့နောက် မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရသည့် ကမ္ဘောဒီးယားနိုင်ငံ ကြိုးပမ်းမှုများနှင့် အောင်မြင်မှုများအတွက် ဂုဏ်ယူပါကြောင်း၊  ASCC အတွက် တိကျ သည့် မဟာဗျူဟာကို ဖော်ဆောင်ရန် ASEAN Comprehensive Recovery Framework and the Hanoi Declaration of ASEAN Community post 2025 Vision အတွက် ကဏ္ဍစုံ၊ မဏ္ဍိုင်စုံ ပူးပေါင်း ဆောင်ရွက်မှုများနှင့် တိုးမြှင့် ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်မိပါကြောင်း၊ အာဆီယံစည်းမျဉ်း စည်းကမ်း၊ နည်းလမ်းများနှင့်အညီ မိမိတို့အချင်းချင်းပူးပေါင်း ဆောင်ရွက်မှု၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ထောက်ပံ့ဆောင်ရွက်မှုများကြောင့် မိမိတို့သည် ၂၀၂၅ ခုနှစ် အာဆီယံ အသိုက်အဝန်းသို့ သွားရောက်နေသည့် လမ်းကြောင်း တစ်ဝက်တွင် ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ထို့အပြင် ASCC အသိုက်အဝန်း ထုဆစ်ပုံဖော်ရာတွင် အထောက်အကူပြုစေနိုင်သည့် လှုပ်ရှား ဆောင်ရွက်မှုများအားလုံးနှင့် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ရန် ချမှတ်ထားသော ဦးစားပေးနယ်ပယ်များနှင့် အစီအစဉ်များအား ထောက်ခံပါကြောင်း၊ အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်း၏ အဖွဲ့အစည်း ဆိုင်ရာ စွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ကို အားကောင်းစေမှုအား ကြိုဆိုပါကြောင်း၊ ထို့အပြင် ၄၀ ကြိမ်မြောက်နှင့် ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် တင်သွင်းမည့် ကြေညာစာတမ်းများကိုလည်း မြန်မာနိုင်ငံမှ ထောက်ခံပါကြောင်း ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိပါသည်။

          ထို့အပြင် ယဉ်ကျေးမှုဆိုင်ရာ ကာကွယ်တားဆီးရေးကြေညာချက်ဆိုင်ရာ လုပ်ငန်း အဖွဲ့ ၏ ၅ ကြိမ်မြောက် အစည်းအဝေး (5th CoP) နှင့် ၃၂ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (32nd SOCA) များကို မတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် အဆင့်မြင့်အရာရှိကြီး (SOCA Leader)ဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။