မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတစ်ခုဖြစ်သည့် လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော်(Puppet Festival of Lancang-Mekong) ဒုတိယနေ့အစီအစဉ်များကို ယနေ့ နံနက်ပိုင်းကမန္တလေးမြို့၊ မြနန်းဘုံစံရတနာပုံခန်းမတွင် Virtual စနစ်ဖြင့် ဆက်လက် ကျင်းပပြုလုပ် ခဲ့ပါသည်။ အစီအစဉ်အရလန်ချန်း-မဲခေါင် ဒေသတွင်းနိုင်ငံများ ဖြစ်သော ကမ္ဘာဒီးယားနိုင်ငံ၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊လာအိုနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့မှရုပ်သေးပညာရှင်များကသက်ဆိုင်ရာနိုင်ငံအလိုက်၎င်းတို့၏ရုပ်သေးပညာရပ်များကိုရှင်းလင်းသရုပ်ပြခြင်း၊ ဒေသတွင်းရှိ ရိုးရာရုပ်သေးပညာရပ်များ ကိုရင်းရင်းနှီးနှီးအပြန်အလှန်ဆွေးနွေးဖလှယ်ခြင်းများပြုလုပ်ခဲ့ကြပါသည်။
နေ့လည်ပိုင်းအစီအစဉ်များကိုဆက်လက်ကျင်းပခဲ့ရာနိုင်ငံအလိုက်ရိုးရာရုပ်သေးဖျော်ဖြေတင်ဆက်မှုများကိုတင်ဆက်ခဲ့ကြပြီးမြန်မာနိုင်ငံမှသူငယ်တော်အက၊သုံးစုံတွဲနှစ်ပါးအက၊ဦးရွှေရိုးဒေါ်မိုးအကများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ပါသည်၊ အဖွဲ့ဝင်၆နိုင်ငံမှရိုးရာရုပ်သေး အက များပါဝင်သည့် မဲခေါင်-လန်ချန်း ဂုဏ်ပြုတေးဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပိတ်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းကြောင့် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများရှိရုပ်သေးအနုပညာရှင်များအချင်းချင်း အပြန်အလှန်ချစ်ခင် ယုံကြည်စွာ ဖြင့်တစ်ဦး၏ယဉ်ကျေးမှုကိုတစ်ဦးကအပြန်အလှန်လေးစားတန်ဖိုးထားကာ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းကြောင့် အတွေးသစ်အမြင်သစ်များအပြန်အလှန် ဖလှယ်နိုင်ခဲ့ ကြ၍ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်၊မြှင့်တင်၊ ထိန်းသိမ်းခြင်းအတွက်များစွာ အထောက်အကူပြုနိုင်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှုးများ၊ ဆရာ၊ဆရာမများ၊ မြန်မာနိုင်ငံကိုယ်စားပြု ရုပ်သေးပညာရှင်ကြီးများနှင့် တာဝန်ရှိသူများ လန်ချန်း-မဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရုပ်သေး ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။