မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ စုပေါင်းသန့်ရှင်း အမှိုက်ကောက် Campaign ဆောင်ရွက်ခြင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် စုပေါင်း သန့်ရှင်း အမှိုက်ကောက် Campaign ကို ၂၀၂၂ခုနှစ်၊ ဧပြီလ(၂) ရက်နေ့ နံနက်(၇:၀၀) နာရီတွင် ဆောင်ရွက် ခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်လုပ်ငန်းများ ဆောင်ရွက်မှုကို ၂၀၁၇ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အဆိုပြုစာတွဲ (Nomination Dossier) (Complete) ကို ကမ္ဘာ့အမွေအနှစ် ကော်မတီ(World Heritage Committee)သို့ ပေးပို့ပြီးစီးခဲ့သည့် အဆိုပြုစာတွဲ (Nomination Dossier)ပါ ဆောင်ရွက်ချက်များကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း နိုင်ငံတကာအထိမ်းအမှတ် အဆောက်အအုံနှင့်နေရာများ ကောင်စီ (ICOMOS- International Council on Monuments and Sites ).၏ Technical Evaluation Team က လာရောက်စစ်ဆေးမည်ဖြစ်ပါသည်။

ထို့သို့စစ်ဆေးပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇွန်လခန့်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံတွင် ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ပါ၍ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် အဆိုပြု စာတွဲ (Nomination Dossier)ပါ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်ဖြစ်သည့် ကမ္ဘာ့အမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေး လုပ်ငန်းစဉ်သည် အရေးပါ သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး အဆိုပြုစာတွဲ (Nomination Dossier)ပါ စီမံခန့်ခွဲမှု အစီအစဉ်မှ တစ်ခု အပါဝင်ဖြစ်သော ကမ္ဘာ့အမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေး လူထုပူးပေါင်းသန့်ရှင်း အမှိုက်ကောက် Campaign ဆောင်ရွက်မှုကို ယနေ့နံနက် (၇:၀၀)နာရီမှ (၉:၀၀)နာရီထိ ဒေသခံ ပြည်သူများနှင့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား(၅၀၀)ခန့် မြောက်ဦး ယဉ်ကျေးမှုနယ်မြေ သျှစ်သောင်းဘုရား ဧရိယာတစ်ဝိုက်မှ ရတနာပုံကွင်း ဧရိယာထိ ဆောင်ရွက်ခဲ့ ကြပါသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက် Campaign ဆောင်ရွက်ရာသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညှိုမြင့်ထွန်း၊ မြောက်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဦးဆောင်ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။